လူကုန်ကူးမှုကို ရေတပ်အထူးစီမံကိန်းဖြင့် တားဆီးရန် အီးယူအဖွဲ့ဝင်နိုင်ငံများ သဘောတူ

လစ်ဗျားကနေ ဥရောပဆီကို တရားမ၀င် လူကုန်ကူးမှုကို ရေတပ် အထူးစီမံကိန်းနဲ့ တားဆီးဖို့အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ(အီးယူ)က နိုင်ငံခြားရေးဝန်ကြီးတွေက ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့က သဘောတူလိုက်ပါတယ်။ လုပ်ငန်းကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် လိုအပ်ပါတယ်။ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သဘောတူညီချက်အရ မြေထဲပင်လယ်ဒေသမှာ စီးပွားဖြစ် လူကုန်ကူးနေတဲ့ကိစ္စကို တားဆီးဖို့အတွက်  လူကုန်ကူးဂိုဏ်းတွေကို ဖမ်းဆီးပြီး လှေသင်္ဘောတွေကိုလည်း ဖျက်ဆီးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ မြောက်အာဖရိကဒေသက လှေစီးဒုက္ခသည်တွေကို တားဆီးဖို့အတွက် လစ်ဗျား ကမ်းလွန်ဒေသမှာ စီမံကိန်းကို အကောင်အထည်ဖော်မှာ ဖြစ်ပြီး အသေးစိတ် စီမံကိန်းတွေကို စတင်ရေးဆွဲနေပြီးလို့ အီးယူ နိုင်ငံခြားရေးရာအကြီးအကဲ ဖက်ဒရီကာ မော်ဂ်ဟာရီနီ(Federica Mogherini)က ပြောပါတယ်။ ဒီကိစ္စက အရေးပေါ်ကိစ္စ ဖြစ်တယ်။ ဇွန်လဟာ နွေရာသီအစ ဖြစ်တဲ့အတိုင်း လူကုန်ကူးမှုတွေ ပိုများလာတော့မှာ ဖြစ်လို့  တားဆီးမယ့် စီမံကိန်းကို စနိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ ဒီနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပကို ၀င်ရောက်ခဲ့တဲ့ ပြောင်းရွှေ့ အခြေချသူ ၅၁၀၀၀ ရှိခဲ့ပြီး ၃၀၅၀၀ ကတော့ အီတလီတဆင့် ၀င်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ လူပေါင်း ၁၈၀၀ လောက်ဟာလည်း လမ်းခုလတ် ရေပြင်မှာ အသက်ဆုံးခဲ့ကြတယ်လို့ UNHCR က ပြောပါတယ်။ အီးယူရဲ့ စီမံကိန်းဟာ လစ်ဗျားရေပိုင်နက်ထဲအထိ အကျုံးဝင်မှာ ဖြစ်လို့ ကုသလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် လိုအပ်ပါတယ်။ လောလောဆယ်မှာတော့ အီးယူက သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေဟာ ကမ်းလွန်ဒေသမှာ လူမှောင်ခိုဂိုဏ်းတွေရဲ့ လှုပ်ရှားမှုကို ခြေရာခံနေတယ်လို့ သံတမန်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up