Home
မြန်မာသတင်း
အစိုးရတပ်က လက်နက်လူသူအင်အား အလုံးအရင်းဖြင့် တိုက်ခိုက်နေဟု ကိုးကန့်ပြော
ရွှေအောင်
·
May 17, 2015
အစိုးရစစ်တပ်ဟာ ကိုးကန့်နဲ့တိုက်ပွဲမှာ ရှိသမျှ လက်နက်လူသူအင်အား အကုန်ထုတ်သုံးပြီး တိုက်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ အခုရက်ပိုင်း စစ်တပ်ဘက်က ကိုးကန့်တိုက်ပွဲအတွင်း အချက်အချာကျတဲ့ တောင်းကုန်းတွေ တခုပြီးတခု သိမ်းပိုက်နိုင်ပြီလို့ အဆက်မပြတ်သတင်းထုတ်ပြန်နေတဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ကျနော် သုံးသပ်မိတာတော့ သူတို့ အမြစ်ပြတ်ချေမှုန်းမယ်လို့ပဲ ခန့်မှန်းပါတယ်။ အခု ဒီမှာဖြစ်နေတဲ့ တိုက်ပွဲတွေက အရင် ဒီ့ပြင်နေရာတွေမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ သိပ်မတူတာ တွေ့ရပါတယ်၊ သုံးတဲ့လူအင်အားရော လက်နက်အင်အားရော လက်နက်အမျိုးအစားတွေရော ရှိသမျှဟာတွေအားလုံး သုံးလာတာ တွေ့ရတယ်ဗျ။” မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ကို အမြစ်ပြတ်ချေမှုန်းဖို့ မဖြစ်နိုင်ဘဲ သူတို့အနေနဲ့ ခံစစ်နဲ့ ဆက်လက်ခုခံတိုက်ခိုက်သွားမယ်လို့လည်း ပြောပါတယ်။ စစ်တပ်ပိုင်မြ၀တီသတင်းဌာနရဲ့ မေလ ၁၆ရက် သတင်းထုတ်ပြန်ချက်အရ လောက်ကိုင်မြို့ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်းနဲ့ နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် အမှတ်(၁၂၀) ရှိ ပွိုင့်-၂၀၇၀ တောင်ကုန်းတို့အား တပ်မတော်စစ်ကြောင်းများက မေ(၁၄)ရက် တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိတယ်လို့ သိရပါတယ်။ လောက်ကိုင်ဒေသအတွင်း MNDAA သောင်းကျန်းသူ အကြွင်းအကျန်များ အခြေပြု နေထိုင်လှုပ်ရှားမှုများ လုံးဝ မရှိစေရေး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းမှုဖြင့် အမြစ်ပြတ် ချေမှုန်း တိုက်ခိုက် သွားမယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ကိုးကန့်ပြောခွင့်ရသူကတော့ မေလ ၁၆ ရက်ညပိုင်းမှာ သူတို့တပ်ဖွဲ့တွေ နေရာပြောင်းရွှေ့မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၉ ရက်ကစလို့  အစိုးရတပ်နဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ၃ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုချိန်ထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024