အမေရိကန် အထူးစစ်ဆင်ရေးတွင် အိုင်အက်စ်အကြီးတန်းခေါင်းဆောင်ကို အသေဖမ်းမိ

ဆီရီးယားမြေပေါ်မှာ အမေရိကန်ရဲ့ အထူးစစ်ဆင်ရေးအတွင်း အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အကြမ်းဖက်အဖွဲ့ဲ့ရဲ့ အကြီးတန်းခေါင်းဆောင် အဘူ ဆာရက်ဖ် (Abu Sayyaf)  ကို သုတ်သင်နိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက မေ ၁၆ ရက်နေ့က ပြောပါတယ်။ အဘူဆာရက်ဖ်ကို သုတ်သင်တဲ့ စစ်ဆင်ရေးဟာ ဆီရီးယား မြေပေါ်မှာ အမေရိကန် အထူးတပ်ဖွဲ့ရဲ့ ပထမဆုံး စစ်ဆင်ရေး ဖြစ်ပါတယ်။ မနှစ်တုန်းက ဆီရီးယား အရှေ့မြောက်ပိုင်းမှာ အိုင်အက်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ အမေရိကန်တွေနဲ့ နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့ စစ်ဆင်ရေးတခု ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဘူဆာရက်ဖ်ဟာ တူနီရှား လူမျိုးဖြစ်ပြီး ရေနံနဲ့ ဓာတ်ငွေ့တွေကို မှောင်ခိုဈေးကွက်မှာ ရောင်းချပေးပြီး အိုက်အက်စ်အဖွဲ့အတွက် ရန်ပုံငွေရှာပေးနေသူ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ အမေရိကန်က ထဲထဲဝင်ဝင် ပါဝင်မှာကို စိုးရိမ်တဲ့အတွက် သမ္မတ အိုးဘားမားက လေကြောင်း စစ်ကူကိုပဲ ကတိပြုခဲ့ပါတယ်။ ဒါပေမယ့် အခု စစ်ဆင်ရေးကြောင့် ဆီရီးယားမှာ အမေရိကန်က စစ်မျက်နှာသစ် ဖွင့်လိုက်တဲ့ သဘောဖြစ်ပါတယ်။ ညစစ်ဆင်ရေးကို အမေရိကန်သမ္မတက ညွှန်ကြားခဲ့တာဖြစ်ပြီး အိုင်အက်စ် တိုက်ခိုက်ရေးသမား ၁ ဒါဇင်လောက်ကိုလည်း သုတ်သင်နိုင်ခဲ့ပါတယ်။အဘူဆာရက်ဖ်ရဲ့ ဇနီးကိုလည်း လက်ရ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက အီရတ်ကနေ ဆီးရီးယား အရှေ့ပိုင်းဒေသကို ထိုးဖောက်ဖို့အတွက် ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေကို အသုံးပြုခဲ့ပါတယ်။ အခု စစ်ဆင်ရေးဟာ အဘူဆာရက်ဖ်ကို အရှင်ဖမ်းဖို့ ရည်ရွယ်ခဲ့ပေမယ့် အမေရိကန်တပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲမှာ အသေပဲ ဖမ်းမိလိုက်တယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး အက်ရှ် ကာတာ Ash Carter က ပြောပါတယ်။ အဘူဆာရက်ဖ်ရဲ့ ဇနီးဖြစ်သူ အမ်း ဆာရက်ဖ် Umm Sayyaf ကိုတော့ အရှင်ဖမ်းမိပြီး အိုင်အက်စ်အဖွဲ့ရဲ့လှုပ်ရှားမှု သတင်းအချက်အလက်တွေကို မေးမြန်းဖို့ အီရတ်က အမေရိကန် စစ်အချုပ်မှာ  ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ စစ်ဆင်ရေးအတွင်းမှာ အမေရိကန် ကွန်မန်ဒို တပ်သား တယောက်မှ ထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့လည်း  အမေရိကန် ကာကွယ်ရေး ၀န်ကြီးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up