ပါကစ္စတန် အကြီးတန်းရဲအရာရှိတဦး ပစ်သတ်ခံရ

ပါကစ်စတန်ရဲ့ အကြီးဆုံးမြို့ ကရာချီမှာ အကြီးတန်း ရဲအရာရှိတဦးကို မော်တော်ဆိုင်ကယ်စီး သေနတ်သမားတဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ မေ ၁၅ ရက်နေ့က ပစ်သတ်ခဲ့တာဖြစ်ပြီး ဒါဟာ အရာရှိကြီးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု သီတင်း ၂ ပတ်အတွင်း တတိယအကြိမ် ဖြစ်ပါတယ်။ ပစ်ခတ်မှုနောက်ကွယ်က အကြောင်းရင်းနဲ့ ပါဝင်ပတ်သက်မှုတွေကိုတော့ မသိရသေးပါဘူး။ ရဲမှူးအီဂျက်ဇ် ဟိုင်ဒါကို သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တာလီဘန်နဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို သစ္စာခံတဲ့ ပါကစ္စတန် စစ်သွေးကြွအုပ်စုကပါ သူတို့လက်ချက်ဖြစ်ကြောင်း အခိုင်အမာ ပြောခဲ့ကြတယ်လို့ ဘာသာရေး စစ်ဝါဒီတွေရဲ့ ဆက်သွယ်မှုကို စောင့်ကြည့်နေတဲ့ SITE ထောက်လှမ်းရေးအုပ်စုက ဆိုပါတယ်။ ပြောဆိုချက် ၂ ရပ်လုံးကို စစ်ဆေးနိုင်မှုတော့ မရှိသေးပါဘူး။ ပါကစ္စတန် အာဏာပိုင် တွေကလည်း အိုင်အက်စ်တွေနဲ့ ပါကစ္စတန် စစ်သွေးကြွတွေကြား လုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုကို သံသယ ရှိနေပါတယ်။ အသတ်ခံရသူ ရဲမှူး ဟိုင်ဒါဟာ လူနည်းစု ရှီးယိုက် မွတ်စလင်ဖြစ်ပါတယ်။ အခင်းဖြစ်ရာမှာ ကျန်ခဲ့တဲ့ လက်ကမ်းစာစောင်တွေက ရှီးယိုက် မွတ် စလင်တွေကို ရှုတ်ချထားပြီး အိုင်အက်စ်တွေကို ကောင်းချီးပေးထားပါတယ်။ မေလ ၁၃ ရက်နေ့ကလည်း ကရာချီမြို့မှာ ရှီးယိုက် မွတ်စလင် ၄၅ယောက် အစုလိုက် သတ်ဖြတ်ခံရပြီး သတ်ဖြတ်မှုနဲ့ပတ်သက်လို့ အိုင်အဲ့စ်တွေကို သစ္စာခံတဲ့ စစ်သွေးကြွတွေက လုပ်တယ်လို့ အခိုင်အမာ ပြောခဲ့ကြပါတယ်။ ရဲတွေကတော့ ဟိုင်ဒါ သတ်ဖြတ်ခံရမှုက ပုဂ္ဂိုလ်ရေး အာဃာတကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒီနှစ်အတွင်း ကရာချီမြို့မှာ ရဲ ၄၈ ယောက် အသတ်ခံခဲ့ရပြီး မနှစ်ကတော့ ၁၄၂ ယောက် အသတ်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up