လှေစီးဒုက္ခသည်များကို အာချေးဒေသတွင် အင်ဒိုအာဏာပိုင်များ နေရာချ

အင်ဒိုနီးရှားအာဏာပိုင်တွေက လွန်ခဲ့တဲ့ ၅ ရက်က ပင်လယ်ကနေ ကယ်ထုတ်ခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လာတယ်ဆိုတဲ့ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အာချေးပြည်နယ်မြောက်ပိုင်းက နေရာသစ်မှာ နေရာချထားခဲ့ပါတယ်။ သူတို့အတွက် နေစရာ၊ စားစရာနဲ့ ဆေးဝါးတွေကို အင်ဒိုနီးရှားအာဏာပိုင်တွေက ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ဆက်လက် ထောက်ပံ့နေပါတယ်။ နေရာသစ်ဟာ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီး အယောက် ၁၀၀ လောက်နဲ့ ကလေးဒါဇင်ပေါင်းများစွာတို့အတွက် နားခိုစရာနေရာ ဖြစ်လာတာပါ။ အာဏာပိုင်တွေဟာ မေ ၁၀ ရက်နေ့က သစ်သားလှေတွေပေါ်မှာ ကျပ်ညှပ်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၆၀၀ နီးပါးကို ကယ်ပြီး ကမ်းပေါ် ခေါ်လာခဲ့ပါသေးတယ်။ ထိုင်းအစိုးရက လူကုန်ကူးမှုကို နှိမ်နင်းနေလို့ လူမှောင်ခိုသမားတွေက ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပင်လယ်မှာ စွန့်ပစ်ခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အာဆီယံဒေသတွင်း ပင်လယ်ပြင်မှာ လှေတွေနဲ့ မျောချင်ရာမျောရင်း ဆာလောင် ဖျားနာနေတဲ့ လူအများအပြားပါတဲ့၊ ထောင်နဲ့ ချီတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို ကယ်တင်ဖို့ ကုလသမဂ္ဂရဲ့ မေတ္တာရပ်ခံမှုကို ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားအစိုးရတို့က တုံ့ပြန်မှု မလုပ်သေးပါဘူး။ ကြီးမားတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်းဘေးကို ကုလသမဂ္ဂက သတိပေးထားပေမယ့် ဒေသတွင်းအစိုးရတွေကြား ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လှေတွေကို ပြန် မောင်းထုတ်မှု ဆက်ရှိနေမလား ဆိုတာနဲ့ ပတ်သက်လို့ ကြေညာချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဒီနှစ် ပထမ ၄ လပတ်အတွင်း လူကုန်ကူးသူတွေရဲ့ လှေတွေ စီးနင်း လိုက်ပါလာသူ ခန့်မှန်းချေ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာ အယောက် ၂ သောင်းခွဲလောက် ရှိပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ် ဒီလိုအချိန်အတွင်း လာရောက်သူ ဦးရေထက် ၂ ဆ ရှိတယ်လို့ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up