ကစားသမား သေဆုံးပြီး ပြည်တွင်း ဘောလုံးပြိုင်ပွဲ အာဂျင်တီးနား ရပ်

အာဂျင်တီးနားနိုင်ငံ အဆင့်သတ်မှတ်ချက် ၄ ရှိတဲ့ ဘောလုံးပြိုင်ပွဲမှာ ကစားသမား တဦး ဘောလုံးပွဲကစားစဉ် ဒဏ်ရာရပြီး သေဆုံးသွားတဲ့ အတွက် ကျင်းပနေတဲ့ ဘောလုံးပွဲစဉ်အားလုံးကို ရပ်တန့်လိုက်ပါတယ်။ ဆန်မာတင်ဘူဇာကို အသင်းက အသက် ၂၁ နှစ် အီမန်နျူ ရယ် အော်တေဂါဟာ ယူဗင်တု အူနီဒါ အသင်းက ကစားသမားနဲ့ ဘောလုံး ယှဉ်လုစဉ် ကွင်းဘေးမှာ ကာရံထားတဲ့ နံရံနဲ့ ဦးခေါင်း တိုက်မိခဲ့ပါတယ်။ ဒီအတွက် ကစားသမားကို ဆေးရုံကို တင်ပို့ခဲ့ပြီး ခွဲစိတ်မှု ၂ ကြိမ် ပြုလုပ်ပြီးချိန်မှာ သေဆုံးခဲ့ပါတယ်။ "အားလုံးက သဘောတူပါတယ်၊ ကြေကွဲဝမ်းနည်းနေတဲ့ အချိန်မှာ မလေးမစားနဲ့ ဘယ်သူကမှ ဘောလုံးကစားမှာ မဟုတ်ပါဘူး” လို့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။ မန်ချက်စတာ စီးတီး ရှေ့တန်းတိုက်စစ်မှူး အဂွီရိုကလည်း အော်တေဂါ သေဆုံးတဲ့သတင်းဟာ သတင်းဆိုး ဖြစ်သလို မိသားစု သူငယ်ချင်းတွေနဲ့ အတူ ၀မ်းနည်းတယ်လို့ လူမှုရေးကွန်ယက် တွစ်တာမှာ ရေးသားပါတယ်။

More News
Up