ငလျင်ဒဏ်ခံ နီပေါတွင် မြေပြိုမည့်အရေး ပညာရှင်များ စိုးရိမ်

သုံးပတ်အတွင်း ငလျင်ဘေး  နှစ်ခါကြုံလိုက်ရတဲ့ နီပေါပြည်သူတွေဟာ နောက်ထပ် ကပ်ဘေးတခုနဲ့ ကြုံမှာကို စိုးရိမ်နေကြပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်ကျော်က ပြင်းအား ၇ ဒသမ ၈ ရှိတဲ့ ငလျင်၊ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့က ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ ငလျင်တို့နဲ့ ကြုံခဲ့ရပြီး ပြန်လည် မထူထောင်နိုင်သေးခင်မှာ မိုးများပြီး မြေပြိုလေ့ရှိတဲ့ မုတ်သုန်ရာသီကို ချည်းနင်း ၀င်ရောက်လာနေလို့ နောက်ထပ် လူ့အသက်တွေ ဆုံးရှုံးရမှာကို သိပ္ပံပညာရှင်တွေက  စိုးရိမ်နေပါတယ်။ မြို့တော် ကက်သမန်ဒူ အနီးက Sindhupalchowk မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက  မိုးများပြီး မြေပြိုတာကြောင့် လူ ၁၅၀ လောက် သေဆုံးခဲ့တယ်လို့ နယ်ခံတွေက ပြောပါတယ်။ အလောင်း ၃၂ လောင်းကိုပဲ ပြန်တွေ့ခဲ့ရပါတယ်။ ရေကြီးတဲ့အချိန်က အိမ်တွေ ပျက်စီးသွားသူတွေဟာလည်း အခုအချိန်အထိ ယာယီအိမ်တွေနဲ့ပဲ ရှိနေကြပါတယ်။ အရင်တပတ်က အစိုးရဆီကို ICIMOD နိုင်ငံတကာ သဘာဝ သိပ္ပံအဖွဲ့တဖွဲ့က ပေးပို့ခဲ့တဲ့ အစီရင်ခံစာအရ ဧပြီ ၂၅ ငလျင်ကြောင့် အကြီးစား မြေပြိုမှု ၆ နေရာမှာ ဖြစ်ခဲ့ပြီး မြစ်ရေစီးကိုပါ ပိတ်ဆို့ခဲ့ပါတယ်၊ ၅ နေရာက နီပေါမှာ ဖြစ်ပြီး တနေရာက တိဘက် ဒေသမှာဖြစ်ပါတယ်။ ငလျင်လှုပ်ပြီးတဲ့နောက်မှာလည်း ICIMOD အဖွဲ့က နိုင်ငံတကာ ဂြိုဟ်တုတွေက ပေးပို့တဲ့ ဓာတ်ပုံတွေကို အဆက်မပြတ် စောင့်ကြည့်ပြီး မြေပြိုမယ့် အန္တရာယ်ကို လေ့လာနေပါတယ်။ မြေပြိုနိုင်တဲ့ အန္တရာယ်နဲ့ ကြုံနိုင်တဲ့ ဒေသတခုကတော့ ငလျင်ဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ Langtang မြို့နဲ့ Chautara မြို့တို့  ဖြစ်တယ်လို့ အဖွဲ့က ပြောပါတယ်။ နီပေါတောင်ပေါ်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေဟာ နှင်းတောင် အရည်ပျော်တဲ့အခါ မြေပြိုမှု၊ ရေကြီးမှုတို့နဲ့ ကြုံရလေ့ရှိပါတယ်။ ဒီကြားထဲမှာ မုတ်သုန်ရာသီ မိုးများတဲ့အခါ အခြေအနေ ပိုဆိုးသွားတတ်ပါတယ်။ သဘာဝဘေးကို ကြိုတင်ခန့်မှန်းလို့ ရပေမယ့် ဒေသခံတွေကတော့ သူတို့နေရာကနေ ထွက်ခွာဖို့ ကိစ္စကတော့ အတိအကျ ပြောဖို့ ခက်တယ်လို့ လူတွေ ပြောင်းရွှေ့နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM အဖွဲ့ကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up