တောင်ကိုရီးယားတွင် ရဲဘော် ၃ ဦးကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ

တောင်ကိုရီးယားစစ်တပ် အရန်စစ်စခန်းတခုမှာ ရဲဘော် ၁ ဦးက သူနဲ့အတူ တာဝန်ထမ်းနေတဲ့ တခြား ရဲဘော် ၃ ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့ကိုယ်သူလည်း သေကြောင်း ကြံသွားတယ်လို့ စစ်တပ် အရာရှိတဦးက ပြောပါတယ်။ တောင်ကိုရီးယား သတင်းဌာနတွေမှာတော့ အထိန်းအကွပ်မဲ့ သေနတ်ပစ်ခဲ့တဲ့ ရဲဘော်ဟာ ၂၄ နှစ် ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ ဆိုးလ်မှာရှိတဲ့ အရန်စစ်စခန်းတခုမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ အချိန်မှာ တခြားရဲဘော်တွေကို  ကေတူး ရိုင်ဖယ် သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရတဲ့ တခြား ရဲဘော် ၃ ဦးကိုလည်း ဆေးရုံပို့ထားရပါတယ်။  အခု အဖြစ်အပျက်ကြောင့် တောင်ကိုးရီးယားမှာ ကျင့်သုံးတဲ့ စစ်မှုမထမ်းမနေရ ဥပဒေအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပြန်ပါတယ်။ တောင်ကိုရီးယားမှာ အရွယ်ရောက်ပြီး ကျန်းမာတဲ့ လူငယ်တိုင်း စစ်တပ်မှာ ၂ နှစ် အမှုထမ်းရတဲ့ ဥပဒေ ပြဋ္ဌာန်းထားပါတယ်။ အဲဒီနောက်မှာတော့ အရန်တပ်စခန်းမှာ ၈ နှစ်ကြာတဲ့အထိ  နှစ်စဉ် သင်တန်း ဆင်းပေးရပါတယ်။ လက်ရှိ တောင်ကိုရီးယား စစ်တပ်မှာ စစ်သည်အင်အား ၆၃၀၀၀၀ ရှိပြီး အရန်စစ်သည်အင်အား ၃ သိန်းကျော်ပါတယ်။ စစ်သင်တန်းမှာ ပစ်ခတ်မှုဖြစ်တဲ့ မေ ၁၃ ရက်နေ့မှာပဲ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က တောင်ကိုရီးယား အစိုးရအနေနဲ့ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေကို ဖမ်းဆီးထိန်းသိမ်းတာကို အဆုံးသတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ မနှစ်တုန်းကလည်း မြောက်ကိုရီးယား နယ်စပ်မှာ တောင်ကိုရီးယား အရန်စစ်သည်တယောက်က လက်ပစ်ဗုံး၊ သေနတ်တို့နဲ့ပစ်လို့ ရဲဘောင် ၅ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up