ဘလော့ဂါကို သတ်ဖြတ်မှု ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြ

ဘလော့ဂါ အာနန္တ ဘီဂျိုင်းဒတ်စ်ကို ဓားနဲ့ ခုတ်သတ်ခဲ့တာကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာက လမ်းတွေပေါ်မှာ မေ ၁၂ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ဘာသာရေးအစွန်းရောက်မှုကို ဝေဖန်သူတွေ အသတ်ခံရပြီး ၃ လ အတွင်း တတိယမြောက် လူသတ်မှုလည်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဘဏ်လုပ်ငန်းရှင်နဲ့ လောကီသီးသန့်ဝါဒကို ထောက်ခံအားပေးသူ ဘလော့ဂါဟာ မေ ၁၂ ရက်နေ့ မနက်က မျက်နှာဖုံးစွပ် ၄ ယောက်က  တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ရဲအရာရှိက ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။ ဘလော့ဂါဟာ ယုတ္တိဗေဒ သိပ္ပံမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်ပြီး လွတ်လပ်သောစိတ် အင်တာနက် စာမျက်နှာရဲ့ အကြံပေး ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ အင်တာနက်စာမျက်နှာကို တည်ထောင်သူ အဗီဂျစ် ရွိုင် ကတော့ ဒါကာ စာအုပ်ပွဲတော်က အပြန် ဖေဖော်ဝါရီလက အသေခုတ်သတ် ခံခဲ့ရတာပါ။ ဘလော့ဂါ ဝါရှိကာ ရာမန် ဟာလည်း မြို့တော်ဒါကာက လူစည်ကားတဲ့ လမ်းပေါ်မှာ တောခုတ်ဓားနဲ့ အသေခုတ်သတ် ခံခဲ့ရပါတယ်။ နိုးထမှုစင်္ကြန် အုပ်စုရဲ့ ပြောခွင့်ရ အမ်ရန် အိပ်ခ်ျ စာကာကတော့ “အသတ်ခံရမှုတွေ များလာပြီး တရားမျှတမှုကိုလည်း မမြင်ရဘူး။ လူသတ်သမား ဖမ်းမိမှုအတွက် မျှော်လင့်ချက်လည်း မရှိဘူး။ တက်ကြွလှုပ်ရှားသူ အယောက် ၂၀ ဆုံးရှုံးခဲ့ပြီးပြီ၊ လွတ်လပ်မှုနဲ့ တရားဥပဒေ စိုးမိုးမှုအတွက် ဘင်္ဂလားဒေ့ရှ် ပြည်သူအားလုံး စုစည်ပြီး တိုက်ကြဖို့ ဆော်သြတယ်” လို့ ပြောပါတယ်။ စောင့်ကြည့်ရေးအဖွဲ့ ဆိုက်သ် ထောက်လှမ်းရေးအုပ်စုရဲ့ အဆိုအရ ရွိုင်ကို တိုက်ခိုက်မှုအတွက် အိန္ဒိယတိုက်ငယ် အယ်လ်ကိုင်းဒါးအဖွဲ့က တာဝန်ခံထားတယ်လို့ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု အန်စာ အယ်လ် အစ်လမ် ဘင်္ဂလားဒေ့ရှ်အဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up