Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်က စစ်ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်
DVB
·
May 12, 2015
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ၊ ကျောက်မဲနဲ့ အရှေ့မြောက်ပိုင်း လောက်ကိုင်၊ ကုန်းကြမ်းစတဲ့ ဒေသတွေမှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန် ဆက်လက်ဖြစ်ပွားနေပါတယ်။ လောက်ကိုင်မြို့နယ် နန်ထိန်မိန်တောင်ကုန်းတလျှောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားရာမှာ ဒီကနေ့ မေလ ၁၂ ရက်နေ့မှာလည်း အစိုးရတပ်ဘက်က မိုးမလင်းခင်ကတည်းက လက်နက်ကြီးနဲ့ ပစ်သလို ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲခဲ့တယ်လို့ အမ်အန်ဒီအေအေ ကိုးကန့်တပ်ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဒီဗွီဘီကို ပြောပါတယ်။ “အခု ၂ ရက် ၃ ရက်အတွင်း အပြင်းထန်ဆုံးလို့ ပြောရမယ်ထင်တယ်။ နန်ထိန်မိန်တ၀ိုက်မှာ ဖြစ်နေတာ။ မနေ့ကလည်း ပြင်းထန်တယ်။ ဝေဟင်ပေါ်ကနေ ဟတ်စကီးနဲ့ စက်သေနတ်နဲ့ ပစ်တယ်။ ဗုံးကြဲတယ်။ အလုံး ၁၀၀ ကျော်ကျပါတယ်။ အောက်မှာတော့ ကြည်းတပ် ထိုးတယ်။ တင့်ကားရော၊ သံချပ်ကာကားပါ ပစ်ကူတယ်။” အစိုးရတပ်ဘက်က အင်အားကို မသိရပေမယ့် သူတို့ဘက်ကတော့ အင်အား ၅၀၀ ကျော်နဲ့ ပြန်ခုခံနေတယ်လို့ သူက ဆက်ပြောပါတယ်။ လက်တလော တိုက်ပွဲတွေကြောင့် နှစ်ဘက် ထိခိုက်ကျဆုံးမှု အရေအတွက်ကိုတော့ မသိရသေးပါဘူး။ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ဘက်မှာတော့ မေလ ၁၀ ရက်နေ့ညက အစိုးရတပ်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ကြား နားတီးရွာနဲ့ မြောက်ဇီရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်ဘက်က ၂၀ ကျဆုံး၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တီအန်အယ်လ်အေက ထုတ်ပြန်ပါတယ်။ မေလ ၁၁ ရက်နေ့ကလည်း ကွမ်းလုံသွားလမ်းပေါ် တက်လာတဲ့ အစိုးရစစ်ယာဉ်တန်းကို တအာင်းတပ်ဘက်က ပခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်ခဲ့ရာမှာ အစိုးရယာဉ်တန်းကား ၄ စီး ထိမှန်ပျက်စီးပြီး ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ လည်းကြေညာထားပါတယ်။ ဖေဖော်ဝါရီလကနေ မေလ လယ်ထိ လောက်ကိုင်ဒေသ စွန်သျှန်၊ လောဝ်တုံကို၊ ချီမင်ချွန် စတဲ့ရွာတွေမှာ ကိုးကန့်အရပ်သား သက်ကြီးရွယ်အို ၂ ဦးအသတ်ခံရပြီး မြန်မာစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေလ ၁၁ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီ အစိုးရစစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းလည်း မရှိသေးပါဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကတော့ ပဋိပက္ခဖြစ်နေတဲ့ဒေသက တပ်ဖွဲ့တွေနဲ့ နိုင်ငံရေးဆွေနွေးပွဲလုပ်နိုင်ဖို့ဆိုရင် ကိုးကန့်တပ်ဖွဲ့က သူတို့ စခဲ့တဲ့တိုက်ပွဲကို အရင်ရပ်ပေးဖို့ လိုတယ်လို့ မေလ ၁၀ ၇က် ရန်ကုန်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024