Home
မြန်မာသတင်း
ရန်ကုန် အမျိုးသားသွေးဌာနတွင် သွေးလိုအပ်ချက်ရှိနေ
ပိုင်စိုး
·
May 12, 2015
ရန်ကုန်အမျိုးသားသွေးဌာနမှာ ဒီရက်ပိုင်းအတွင်း သွေးလိုအပ်ချက်ရှိနေတယ်လို့ တာဝန်ခံ ဒေါက်တာ သီတာအောင်က ပြောပါတယ်။ သွေးလှူသူတွေ ပုံမှန်အတိုင်းရှိနေပေမယ့် သွေးလိုအပ်တဲ့လူနာတွေ ပိုများလာတာကြောင့် သွေးလက်ကျန် အနိမ့်ဆုံးအခြေအနေကို ရောက်ခဲ့တာပါ။ “အရင်ကနဲ့စာရင် သွေးလှူသူတွေက ပိုတောင်များလာတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာ သွေးအသုံးများသွားလို့ အနီရောင်လယ်ဗယ်အဆင့် သတ်မှတ်လိုက်ရတာ’’ လို့ ဒီဗွီဘီကို ပြောပါတယ်။ အရင်က တစ်ရက်ကို သွေးထုပ် ၁၀၀ လောက်ပဲ ထုတ်ပေးခဲ့ရပေမယ့် ဒီရက်ပိုင်းမှာ ၂၅၀ လောက် ထုတ်ပေးနေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။ သွေးဌာနအနေနဲ့ ရန်ကုန်က ပြည်သူ့ဆေးရုံ ၉ ခုနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့သွေးတွေကို ဖြည့်ဆည်းပေးနေတာပါ။ “သွေးလိုရင်လာပါ။ အမျိုးရှိစရာ မလိုဘူး။ ငွေလည်းပေးစရာ မလိုဘူး။ သွေးအတွက် ပြည်သူ့ဆေးရုံတွေမှာ ငွေပေးရတယ်ဆိုရင် အကြောင်းကြားပေးစေချင်ပါတယ်’’ လို့လည်း ဒေါက်တာသီတာအောင်က ပြောပါတယ်။ နေရာဒေသတစ်ခုမှာရှိတဲ့ လူဦးရေရဲ့ ၂ ရာခိုင်နှုန်းက သွေးလှူဒါန်းနေရင် အဲဒီနေရာအတွက် လုံလောက် ပါတယ် လို့လည်း သူက ဆိုပါတယ်။ သွေးသွင်းဖို့ အလိုအပ်ဆုံးလူနာတွေဟာ မွေးရာပါ သွေးရောဂါသည်တွေဖြစ်ပြီး ခုလို လိုအပ်ချက်များလာတာဟာ ရောဂါရှင်တွေ သက်တမ်းပိုရှည်လာတဲ့ သဘောဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။ ဒီနှစ်ပိုင်းမှာတော့ သွေးမှာပါဝင်တဲ့ သွေးနီဥ၊ သွေးရည်ကြည် စတဲ့ပစ္စည်းတွေကို ခွဲထုတ်သိမ်းဆည်းပြီး လိုအပ်တာကိုပဲ သွင်းတဲ့ စနစ်သုံးနေတာပါ။ သွေးလာလှူတဲ့ သူတွေကိုတော့ ဟီမိုဂလိုဘင် ပြည့်မပြည့်စတဲ့ အန္တရာယ်မဖြစ်စေမယ့်အချက်လောက်ကိုပဲ စစ်ဆေးလှူဒါန်းစေပြီး အိပ်ခ်ျအိုင်ဗွီ၊ အသည်းရောင် အသားဝါ ဘီ၊ စီ၊ ကာလသားရောဂါ လေးမျိုးကိုတော့ လှူဒါန်းပြီးသွေးမှာပဲ စစ်ဆေးတာပါ။ လက်ရှိမှာတော့ အမျိုးသားသွေးဌာနနဲ့ ချိတ်ဆက်လှူဒါန်းနေတဲ့ ပရဟိအဖွဲ့ပေါင်း ၂၀၀ လောက် ရှိနေပြီး ၂၀၀၄ ခုနှစ်ကတည်းက ၁၀ နှစ်ကြာ ကောက်ယူခဲ့တဲ့ စာရင်းအရ လူ ၅ သိန်းကျော်မှာ ရှားပါးသွေး ၃၇၀ လောက်ရှိနေပါတယ်။ ဓာတ်ပုံ- ပိုင်စိုး [gallery ids="92670,92671,92672,92673,92674,92675,92676"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024