Home
မြန်မာသတင်း
ငွေစက္ကူအတု ၇၆ သိန်းကျော် ဖမ်းဆီးရမိ
DVB
·
May 12, 2015
ငွေစက္ကူအတု ၇၆ သိန်း ၁ သောင်း ၈ ထောင်ဖိုးကို မေလ ၁၁ ရက် နေ့လယ်ပိုင်းက တောင်ငူမြို့ လျှံလျှံစားသောက်ဆိုင် သီးသန့်ခန်းမှာ လာရောက်လည်ပတ်သူ တဦးထံမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပါတယ်။ သံတောင်မြို့နယ် လိပ်သိုမြို့ နာလောပိုလီကျေးရွာနေ စောအယ်မောင် ထံမှ ကရင်အလံတံဆိပ်ပါ အနက်ရောင်အစင်းကြား လွယ်အိတ်အတွင်းမှ ၁ သောင်းတန်ငွေစက္ကူ ၅၅၄ ရွက် ၅ ထောင်တန်ငွေစက္ကူ ၄၁၄ ရွက် တစ်ထောင်တန်ငွေစက္ကူ ၈ ရွက်ကိုတွေ့ရှိခဲ့တာကြောင့် တောင်ငူမြို့နယ် ရဲစခန်းမှ ပ-၁၄၉/၂၀၁၅ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ၁၀၅-၁၀၆ တို့ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ မြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ညွှန်ကြားချက်အရ တောင်ငူခရိုင်မှုခင်းတပ်ဖွဲ့က ဒုရဲမှူးလှသိန်းစိုး၊ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်စိုင်းကျော်မျိုးထွန်းနှင့် ရဲအုပ်စိုးညွှန့်လှိုင်တို့ ငွေစက္ကူအတုများ အရောင်းအဝယ်ပြုလုပ်ရန်အတွက် တောင်ငူမြို့ ကန်ရိုးကျေးရွာက လျှံလျှံစားသောက်ဆိုင် သီးသန့်အခန်းတွင်းရောက်ရှိနေတဲ့ အသက် ၂၂ အရွယ် စောအယ်မောင်ကို သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာမှာ ငွေစက္ကူအတု ၇၆ သိန်းကျော် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ကိုသားကြီး [gallery ids="92651,92652,92653,92654"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024