Home
မြန်မာသတင်း
ဖိလစ်ပိုင် တိုင်ဖုန်း လူ ၂ ဦးသေ
DVB
·
May 11, 2015
မေ ၁၀ ရက်က ပြင်းအား အဆင့် ၅ ရှိတဲ့ တိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ဒေသကို ၀င်ရောက်တိုက်ခတ်ခဲ့လို့ လူ ၂ ဦးသေဆုံးသွားပါတယ်။ အပါရီမြို့ငယ်လေးမှာ မိုးထဲလေထဲ အိမ်အမိုးပြင်တဲ့ လူ ၂ ယောက် ဓာတ်လိုက်သေဆုံးသွားတယ်လို့ အစိုးရ ကပ်ဘေး ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ လေတိုက်နှုန်း တနာရီ ၁၃၇ မိုင် ဖြစ်ပြိး အရင်အတွေ့အကြုံတွေအရ ကြိုတင်ပြင်ထားနိုင်တာကြောင့် အသေအပျောက် များဖွယ် မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။ ပင်လယ်ကမ်းခြေမြို့ ဆန်တာ အနာမြို့ခံတွေကို ဘေးလွှတ်ရာ ပြောင်းရွှေ့ပေးထားတယ်လို့ ဆိုပါတယ်။ မုန်တိုင်းဝင်တဲ့ ဆန်စပါး အဓိက စိုက်ပျိုးရာ ကာဂေယန် ပြည်နယ်ဟာ မြို့တော်မနီလာကနေ မြောက်ဘက် မိုင် ၂၅၀ အကွာမှာ တည်ရှိသလို ကာဂေယန်နဲ့ အစ္စဘဲလာ ပြည်နယ်က ဒေသခံ ၃၄၀၀ ကို ကယ်ဆယ်ရေးစခန်းတွေကို ပို့ထားရပါတယ်။ မုန်တိုင်းကြောင့် ရေကြီးမှုတွေ ဖြစ်နိုင်တာကို သတိပေးထားသလို ကမ်းခြေမြို့က ဆိပ်ကမ်းတွေမှာ သင်္ဘောတွေ၊ ရေယာဉ် အစီး ၁၀၀ လောက်ကို ခရီးမထွက်ခိုင်းဘဲ ရပ်ဆိုင်းထားလို့ ခရီးသည် ၅၀၀၀ လောက် လောက် သောင်တန်နေပါတယ်။ ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုင်ဖွန်မုန်တိုင်း အကြိမ် ၂၀ လောက်ကြုံတွေနေရပါတယ်။ ၂၀၁၃ ခုနှစ်တုန်းကလည်း ပြင်းအား အဆင့် ၅ ရှိတဲ့ ဟိုင်ယန် မုန်တိုင်း ဒဏ်ခံရခဲ့ရပြီး နိုင်ငံ အလယ်ပိုင်းဒေသမှာ လူ ၈ ထောင်ကျော် သေဆုံး ပျောက်ဆုံး ခဲ့ပါတယ်။ မုန်တိုင်းဟာ အနောက်မြောက်ပိုင်းကို ဆက်လက်ရွှေ့လျားနေပြီး ဂျပန် နိုင်ငံ တောင်ပိုင်းကို မေ ၁၂ ရက်မှာ ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024