စပိန်တွင် စစ်ဘက်လေယာဉ် ပျက်ကျ၊ ၃ ဦး သေဆုံး

စပိန်နိုင်ငံ ဆီဗီလာမြို့မှာ အဲဘတ်စ်ကုမ္ပဏီထုတ် စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစီး မေ ၉ ရက်နေ့က ပျက်ကျခဲ့ပြီး အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့တယ်လို့ စပိန်အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောဆိုပါတယ်။ ဆီဗီလာမြို့ ဆန်ပပါလိုလေဆိပ်မြောက်ဘက် ၁ မိုင်အကွာမှာ စမ်းသပ်ပျံသန်းရင်း ပျက်ကျခဲ့တာလို့ ပြောဆိုပြီး လေယာဉ်ပေါ်ပါသူ ၇ ဦးမှာ ၃ ဦး သေဆုံး၊ ၂ ဦးက အပြင်းအထန်ဒဏ်ရခဲ့ပါတယ်။ ကျန် ၂ ဦးကတော့ အခြေအနေမသိရသေးဘူးလို့ အရေးပေါ်ကယ်ဆယ်ရေး ပြောခွင့်ရအမျိုးသမီးက ပြောဆိုပါတယ်။ လာမယ့်မေလ ၂၄ ရက် ဒေသခံရွေးကောက်ပဲအတွက် စည်းရုံးရေးဆင်းနေတဲ့ ၀န်ကြီးချုပ် မာရီယာနို ရဟွိုင်းက လေယာဉ်ပေါ်ပါသူတွေဟာ စစ်ဘက်ဝန်ထမ်းတွေမဟုတ်ဘဲ အဲဘတ်စ်ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီ A400M Atlas လေယာဉ်ကို ဆီဗီယာမြို့မှာပဲ တပ်ဆင်ခဲ့တာဖြစ်ပြီး တူရကီနိုင်ငံက မှာယူထားတာလို့ ဆိုပါတယ်။ ဒီလေယာဉ်စီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၂၂.၄ ဘီလီယံကုန်ကျပြီး စပိန်နဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယမ်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ လူဇင်ဘတ်နဲ့ တူရကီနိုင်ငံတို့က မှာယူထားကြတာပါ။ ဥရောပရဲ့ အကြီးဆုံးလေတပ်စီမံကိန်းကြီးဖြစ်ပြီး အဲ့ဒီစီမံကိန်းရဲ့ ပထမဆုံးလေယာဉ်ပျက်ကျမှုလည်းဖြစ်ပါတယ်။ စပိန်ဝန်ကြီးချုပ် ရဟွိုင်းကတော့ ဒီလေယာဉ်ပျက်ကျမှုကို ဖြေရှင်းချက်ပေးဖို့ အဲဘတ်စ်ကုမ္ပဏီကို တောင်းခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up