Home
မြန်မာသတင်း
ရိုဟင်ဂျာ ၁၃ ဦးကို ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီး
DVB
·
May 8, 2015
ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်က တောတွင်းတနေရာမှာ မျက်စေ့ လည်လမ်းမှားနေတဲ့ ရိုဟင်ဂျာ ၁၃ ယောက်ကို တွေ့ရှိတယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။ မလေးရှားနယ်စပ်တလျှောက် ရိုဟင်ဂျာအလောင်းတွေ အမြောက်အမြားတူးဖော်ရ ရှိပြီးတဲ့နောက်ပိုင်း တာဝန်ရှိသူတွေက စုံစမ်းရှာဖွေရေးတွေ ဆက်တိုက်ဆောင်ရွက်ရာမှာ မေလ ၇ ရက်နေ့က ဟတ်ယိုင်မြို့နယ် ထိုက်ခေါင်ကယောက် အမည်ရှိတောအုပ်ထဲမှာ မျက်စိလည်လမ်းမှားနေတဲ့ ရိုဟင်ဂျာ ၁၃ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ထုန့်တမ်ဆောင်ရဲစခန်း တာဝန်ကျရဲဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ အခြားရိုဟင်ဂျာ အယောက် ၃၀ နဲ့အတူ မြန်မာပြည် ဘက်ကနေ လှေစီးလာပြီး ထိုင်းနိုင်ငံ ဆဒွန်း လှေဆိပ်ကနေ ကမ်းပေါ်တက်ခဲ့ တယ်လို့ ဆိုပါတယ်။ [caption id="attachment_92134" align="alignright" width="452"]ဓာတ်ပုံ - thairath.co.th ဓာတ်ပုံ - thairath.co.th[/caption] အဲဒီတောထဲမှာ မလေးရှားနိုင်ငံသွားဖို့ စောင့်ဆိုင်းနေတာ ၁၃ ရက်ရှိပြီး ခေါ်လာတဲ့ ပွဲစားက ပစ်ထားပြီး သူတို့နဲ့အတူ ပါလာတဲ့ လူ ၁၇ ယောက်လည်း တောထဲမှာ ပျောက်ဆုံး နေတယ်လို့ ပြောပါတယ်။ တခြားပွဲစား အဆက်အသွယ်တခုရပေမယ့် ၂ နှစ်အထိ လစာမရဘဲ အလုပ်လုပ်ပေးရမယ်လို ထွက်ဆိုပါတယ်။ သူတို့ထဲမှာ ၁၈ နှစ်အောက် လူငယ်တွေလည်းပါတဲ့အတွက် ဆုန်ခလာခရိုင် လူငယ်ပြုပြင် ထိန်းသိမ်းရေးစခန်း ပို့ဆောင်ဖို့ ဆက်သွယ်ညှိနှိုင်းနေတယ်လို့ ရဲဝန်ထမ်းရဲ့ အပြောကို ကိုးကားပြီး ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။ အဲဒီနေ့မှာပဲ အမှတ် ၄၃ နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင်တွေဟာ ဟတ်ယိုင်မြို့နယ် ချလွန်ကျေးရွာအုပ်စုထဲက မွတ်ဆလင်သင်္ချိုင်းဟောင်းမှာ လူသေမြှုပ်နှံထားဟန်ရှိတဲ့ ကျင်းပေါင်း ၃၀ ကို ထပ်မံတွေ့ရှိတယ်လို့ အမှတ် ၄၃ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဖဟွန် ကစ်ကယောက်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ စစ်ဆေးမေးမြန်းချက်အရ အဲဒီသင်္ချိုင်းဟောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကတည်းက အသုံးမပြုဘဲ့ထားတဲ့ သင်္ချိုင်းဖြစ်ကြောင်း၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတော့ တရားမ၀င် ၀င်ရောက်လာသူ ရိုဟင်ဂျာတွေကို ယာယီထိန်းသိမ်းထားတဲ့ စခန်းကြီးတစ်ခု ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လတ်တလော ရိုဟင်ဂျာအလောင်းများတွေ့ရှိမှုတွေနဲ့ ပတ်သက်ပြီး နဂိုက လူ ၈ ဦးကို စွဲချက်တင်ထားရာမှာ မေလ ၇ ရက်နေ့မှာတော့ နောက်ထပ် ၁၀ ဦး၊ စုစုပေါင်း ၁၈ ဦးကို စွဲချက်တင်ထားကြောင်း၊ အဲဒီထဲမှာ ၆ ဦးကို ဖမ်းဆီးရမိပြီး တချို့ကတော့ တဖက် မလေးရှားနိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။ စွဲချက်တင်ခံရသူတွေထဲမှာ လက်ထောက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ လက်ထောက်မြို့နယ်မှူး၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်နဲ့ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်တွေပါ ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024