Home
မေးမြန်းခန်း
အစိုးရက ကြက်ခြေနီအသင်းကို အကန့်အသတ်လုပ်တာ မရှိပါဘူး - ဒေါက်တာ သာလှရွှေ
ရွှေအောင်
·
May 8, 2015
မေလ ၈ ရက် ကမ္ဘာ့ကြက်ခြေနီနေ့မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ သတင်းမီဒီယာတို့ ပူးပေါင်းပြီး မြန်မာ့လူ့အဖွဲ့အစည်းဖွံ့ဖြိုးတက်ဖို့ ဘယ်လိုပိုပြီး လုပ်ဆောင်နိုင်မလဲဆိုတာ ဆွေးနွေး အဖြေရှာခဲ့ကြပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက မြန်မာကြက်ခြေနီအသင်း အဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းပဋိပက္ခတွေမှာ ပိုပြီး ပူးပေါင်းပါဝင်အကူအညီပေးကြဖို့ ဒီနေ့မှာ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ကြက်ခြေနီအသင်းအနေနဲ့ သူ့အဖွဲ့ လုပ်ငန်းလုပ်ဆောင်တဲ့အခါ အခုထက်ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့ ကြက်ခြေနီအသင်းဥပဒေအသစ်တရပ် ထွက်ပေါ်လာ ရေး မျှော်မှန်းထားပေမယ့် ဥပဒေက အခုမှ လွှတ်တော်ရောက်တော့မယ်လို့ ကြားသိရ ကြောင်းလည်း အသင်းဥက္ကဋ္ဌဒေါက်တာသာလှရွှေက ပြောပါတယ်။ ဒေါက်တာသာလှရွှေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို အသစ်နီးနီး ပြင်ဆင်ရေးဆွဲနေပြီး ဥပဒေသစ် ထွက်ပေါ်လာရင်တော့ ကြက်ခြေနီအသင်းကို ဒီ့ထက် လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် လုပ်ဆောင်လာနိုင်မယ်လို့ မျှော်လင့်မိတယ်လို့ မနှစ်က အခုလို အချိန်မှာ ဆရာ ပြောခဲ့ဖူးပါတယ်။ အဲ့ဒီဥပဒေ ဘယ်အခြေအနေ ရောက်နေပြီလဲခင်ဗျ။ “ဒီနေ့မနက်ပဲ သတင်းမီဒီယာတွေကလည်း မေးနေကြတယ်။ ဆရာတို့ သိရသလာက်တော့၊ စုံစမ်းလို့ရသလောက်ကတော့ လွှတ်တော် ရောက်တော့မယ်လို့ပဲ သိရပါတယ်။” ဥပဒေကတော့ မထွက်သေးဘူးဆိုတော့ ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေနဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ခဲ့သလဲ။ “တောက်လျှောက်ကတော့ လွတ်လွတ်လပ်လပ် လုပ်နေတာပဲ။ အစိုးရက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို အဟန့်အတား အကန့်အသတ်လုပ်ထားတာ မရှိပါဘူး။ နာဂစ်တုန်းကလည်း ဘယ်သူမှ ၀င်ရောက်သွားလာလို့မရတဲ့နေရာ သွားလာလုပ်ခဲ့တာပဲ။ အခုလည်း ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို ကြက်ခြေနီအဖွဲ့ဝင်တွေ အရောက်သွားပြီး ကူနေတာပါပဲ။ တခုပဲ၊ တခုခု လုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရတွေကို တင်ပြပါတယ်။ တင်ပြတဲ့အခါမှာလည်း ပြည်နယ်တိုင်းအစိုးရတွေက ကန့်ကွက်ခဲ့တာ မရှိဘဲ အသိအမှတ်ပြုပေးခဲ့တာပါပဲ။” [caption id="attachment_92112" align="aligncenter" width="600"]Photo:©Andreas von Weissenberg/IFRC Photo:©Andreas von Weissenberg/IFRC[/caption] အခုဖြစ်နေတဲ့လောက်ကိုင်တိုက်ပွဲမှာ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီ ကယ်တင်ရင်း ဒဏ်ရာရ အသက်သေဆုံးတဲ့ထိ ဖြစ်ခဲ့တာတွေရှိတယ်။ အဲ့ဒီအပေါ်မှာ ဘယ်လိုများ ပြန်သုံးသပ်ပါသလဲ။ “ကိုယ့်ရဲ့ လုပ်အားစေတနာရှင် ကြက်ခြေနီတပ်ဖွဲ့ဝင်တွေဟာ တောက်လျှောက်ပဲ ကူညီလုပ်ဆောင်ပေးနေပါတယ်။ လုပ်တဲ့နေရာမှာ ကြက်ခြေနီဆိုတာကို ပိုပြီး သိသာထင်ရှား အောင် ဆိုပါတော့ ကားမှာ ဆိုရင် ကားအရှေ့မှာ၊ ဘေးမှာ၊ အနောက်မှာ၊ အမိုးမှာ ကြက်ခြေနီအမှတ်အသားကို တင်ပြီး သုံးပြီးတော့မှ တောက်လျှောက်လုပ်နေပါတယ်။ ဒါ့ကြောင့် အခုနောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိတာ မရှိတော့ပါဘူး။ ဒီနေ့ထိလည်း လုပ်တုန်းပဲ။” ကြက်ခြေနီအသင်းအဖွဲ့ဝင်တွေအနေနဲ့ ပဋိပက္ခတွေမှာ ပိုပြီး ပူးပေါင်းပါဝင်ကူညီဖို့ ဒီနှစ်သ၀ဏ်လွှာမှာ အသင်းဥက္ကဋ္ဌအနေနဲ့ တိုက်တွန်းထားတာ တွေ့ရတယ်။ အလားတူ ထိခိုက်ဒဏ်ရာရရှိတာမျိုး မဖြစ်အောင် ဘယ်လို စီမံထားရှိလဲ။ “ကျနော်တို့ ဖွဲ့စည်းပုံအရက ဗဟိုမှာ ဌာနချုပ်ရှိတယ်။ ဗဟိုနဲ့ တွဲနေတဲ့ ပြည်နယ်တိုင်း ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရှိတယ်။ ပြီးရင် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရှိတယ်။ ပြီးမှ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရှိတယ်။ အဲ့ဒီတော့ သက်ဆိုင်ရာ သူ့ဒေသနဲ့သူ ကြည့်ပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းတွေလုပ်ကြဖို့ တာဝန်က ခွဲပြီးသား။ ဗဟိုအနေနဲ့က သူတို့ လိုအပ်တဲ့အပိုင်းကို ဖြည့်ဆည်းပေးတာပဲ ရှိပါတယ်။” ပြီးခဲ့တဲ့ လောက်ကိုင်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားတဲ့ ကွမ်းလုံ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်သန်းနဲ့ ပတ်သက်လို့ မြန်မာကြက်ခြေနီအသင်းအနေနဲ့ နောက်ဆက်တွဲ ဘာတွေ လုပ်ဆောင်ပေးထားပါသလဲ။ “သူ့အတွက် အသက်အာမခံကြေးသဘောမျိုး ကျပ်သိန်း ၃၀ လွှဲပေးခဲ့တာပေါ့။ နောက်ဆုံးကျန်နေတဲ့ သိန်း၂၀ လည်း ပေးလိုက်ပါပြီ။ နောက်ပြီး သူ့အတွက် ဟင်နရီဒူးနန့်ဆု ပေးနိုင်ဖို့ အဆိုပြုတင်ပြထားတယ်။ ဒါပေမယ့် ဒါကလည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ ရွေးချယ်တာဆိုတော့ မပြောတတ်ဘူး၊ ရရင်လည်းရမယ်၊ မရရင်လည်း မရဘူး။” ဒီနေ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားမှာရော ဘာတွေလုပ်ခဲ့သလဲ၊ ဘာကို ရည်ရွယ်ပြီး လုပ်ခဲ့တာပါလဲခင်ဗျ။ [caption id="attachment_92110" align="aligncenter" width="651"]20150223-myanmar-convoy-attacks-Main-1 Photo:©Andreas von Weissenberg/IFRC[/caption] “ဌာနချုပ်မှာကတော့ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းနဲ့ ပူးပေါင်းပြီးတော့ မီဒီယာသမားတွေနဲ့တွေ့ဆုံတယ်။ ကြက်ခြေနီအသင်းအကြောင်းပြောသလို စစ်ပွဲဆိုင်ရာဥပဒေနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ ရည်ရွယ်ချက်က  မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ သတင်းမီဒီယာတို့ ဒီနှစ်ဖွဲ့ ပူးပေါင်းပြီး မြန်မာ့လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတက်ဖို့ ဘယ်လိုပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်မလဲဆိုတာ ရည်ရွယ်ပြီး လုပ်ကြတာပါ။” လက်ရှိ ကြက်ခြေနီအဖွဲ့အင်အား ၂ သိန်းကျော် ရှိနေပြီး သမ္မတလမ်းညွှန်ချက်အရ တမြို့နယ်မှာ ကြက်ခြေနီအင်အား ၅၀၀ လောက်ထိ တိုးချဲ့ဖွဲ့စည်းဖို့ ရှိနေတယ်လို့ မနှစ်က ဆရာ ဒီဗွီဘီကို ပြောခဲ့တယ်။ အဲ့ဒီအခြေအနေ ဘယ်ရောက်နေပြီလဲခင်ဗျ။ “တချို့မြို့နယ်တွေမှာ တော်တော် ခရီးရောက်နေတာ တွေ့ရပါတယ်။ တချို့မြို့နယ်တွေမှာ ၄၀၀ လောက်အထိ စုဆောင်းရနေသလို အခုမှ ကြိုးပမ်းစုဆောင်းနေရတဲ့ မြို့နယ်တွေလည်း ရှိတာပေါ့။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024