Home
မြန်မာသတင်း
ကျောင်းသားသပိတ် ဖြိုခွင်းမှု အီးယူသင်တန်းပေး ရဲတပ်ဖွဲ့ဝင်များမပါဟု ရှင်းလင်း
ကျော်ဇေယျာဝင်း
·
May 7, 2015
လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့​နေရာမှာ အီးယူက သင်တန်း​ပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်​တွေမပါဝင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ က ဒီဗွီဘီကို ​ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး (အီးယူ) အခြေစိုက်ရာ ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာ အီးယူရုံးမှာ ဥ​ရောပ​နေ့နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းမှာ ဒီဗွီဘီရဲ့ မေးမြန်းမှုကို အခုလို ပြောကြားခဲ့တာပါ။ မစ္စတာ ရိုလန်ကိုဘီယာက “လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အများစုက ကျ​နော်တို့ကို​ ဝေဖန်တာ​တွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင် ၇ ​သောင်း​ကျော်ရှိတဲ့အထဲက ၄​ ထောင်​လောက်ကိုပဲ သင်တန်း​ပေးခဲ့တာပါ။ လက်ပံတန်း​ကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့​ နေရာမှာ အီးယူက သင်တန်း​ပေးထားတဲ့ ရဲတပ်ဖွဲ့​တွေ မပါဝင်ခဲ့ပါဘူး။ ဖြစ်ခဲ့တဲ့အဖြစ်အပျက်က ​တော်​တော်ကိုဆိုးပါတယ်။ ဒါနဲ့ပတ်သတ်ပြီး အီးယူ အ​နေနဲ့ စိုးရိမ်မိတဲ့အ​ကြောင်းလည်း ပြောပြီးဖြစ်ပါတယ်။ ဒီကိစ္စဟာ လက်ခံဖွယ်ရာမရှိသလို ကြိုက်လည်းမကြိုက်ပါဘူး။ ကျ​နော်တို့အ​နေနဲ့ အစိုးရကို စုံစမ်းစစ်​ဆေး​ရေး​ကော်မရှင်ဖွဲ့ဖို့ တိုက်တွန်းထားပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်​ပြောင်းလဲ​ရေးနဲ့ပတ်သက်ပြီး အီးယူက သင်တန်းပို့ချဖို့ အစိုးရဘက်ရော၊ ​ဒေါ်​အောင်ဆန်းစုကြည်ကပါ ​ထောက်ခံအဆိုပြုခဲ့တာလို့လည်း သံအမတ်ကြီးက ဆိုပါတယ်။ “အစိုးရ​ရော၊ အန်အယ်လ်ဒီ​ရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲ လုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့အတွက် အီးယူက ​ဆောင်ရွက်ခဲ့တာပါ။ ဒါခက်ခဲမယ်ဆိုတာ ကျ​နော်တို့​တွေ သိပါတယ်။ လုံခြုံ​ရေးဆိုင်ရာ ပြုပြင်​ပြောင်းလဲမှူ​တွေ လုပ်တဲ့​နေရာမှာ မြန်မာမှမဟုတ်ပါဘူး တကမ္ဘာလုံးမှာ ခက်ခဲမယ်ဆိုတာ သိပါတယ်။  စိန်​ခေါ်မှုတွေရှိတာကို သိသိနဲ့ လုပ်ခဲ့တာပါ” လို့ ပြောပါတယ်။ အီးယူအနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ၂ဝ၁၃ ခုနှစ် ကစပြီး လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်ပြီး ဒီသင်တန်းတွေရဲ့ ရည်ရွယ်ချက်က လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မြှင့်တင်ပြီး အရေးပါတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့၊ လူစုလူဝေး ဖြိုခွဲမှုတွေကို နောက်ဆုံး အဆင့်မှာသာ ထားပြီး လုပ်ဆောင်ကြဖို့တွေကို ရည်ရွယ် သင်ကြားပေးခဲ့တာပါ။ အီးယူက မြန်မာနိုင်ငံရဲတပ်ဖွဲ့​တွေအတွက် ရဲဝန်ဆောင်မှုလုပ်ငန်းနဲ့ဆိုင်တဲ့ လက်တွေ့အသုံးချနိုင်မယ့် သင်ခန်းစာ​တွေကို ၁၈ လကြာသင်တန်း​ပေးခဲ့တာဖြစ်ပြီး ယူရိုငွေ ၁၀ သန်း (မြန်မာကျပ်ငွေ ၁၃.၂ ဘီလီယံခန့်) ကုန်ကျခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024