Home
မြန်မာသတင်း
အရက်ဖြတ်ရာတွင် အထောက်အကူပေးမည့် မိုဘိုင်းဖုန်း အပလီကေးရှင်း
DVB
·
May 7, 2015
အရက်စွဲနေသူတွေ၊ အရက်ဖြတ်ထားတဲ့လူနာမျိုးတွေကို တဖက်တလမ်းကနေ အထောက်အကူ ပြုနိုင်မယ့် မိုဘိုင်းဖုန်း အပလီကေးရှင်းတခုကို ထိုင်ဝမ်သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပါတယ်။ Sober Diary လို့နာမည်ပေးထားတဲ့ မိုဘိုင်အပလီကေးရှင်းဟာ စမတ်ဖုန်းတွေမှာ ဒေါင်းလုပ်ယူ ထည့်သွင်းနိုင်ပြီး တဖက်မှာ လက်ကိုင်အရွယ်အစား အသက်ရှုစက်ကိရိယာ အသေးစားတခုကို Bluetooth နည်းပညာနဲ့ ချိတ်ဆက် အသုံးပြုတာ ဖြစ်ပါတယ်။ အရက်ဖြတ်နေသူ လူနာတွေအနေနဲ့ အဲဒီ့ကိရိယာနဲ့ တနေ့ကို ၄ ကြိမ် အသက်ရှုသွင်းကာ အပလီကေးရှင်းထဲမှာ ကိုယ်တွင်းရှိ အယ်လ်ကိုဟော အချိန်အဆကို ကြည့်ရှုမှတ်တမ်းယူနိုင်သလို စမတ်ဖုန်းနဲ့ ဆေးရုံက ကွန်ပျုတာဆာဗာကို ချိတ်ဆက်ထားရင်လည်း sober diary အပလီကေးရှင်းကနေ မှတ်တမ်းကို ပေးပို့နိုင်ကာ ဆရာဝန်တွေကိုယ်တိုင် အကဲဖြတ်စောင့်ကြည့် ပေးနိုင်ပါတယ်။ အသက် ၅၀ အရွယ် ရန်ချန်ချန်းဟာ ဆေးရုံတက် အရက်ဖြတ်ခဲ့သူတယောက် ဖြစ်ပြီး ဆိုဘား ဒိုင်ယာရီ  အပလီကေးရှင်း အသုံးပြုစစ်ဆေးမှုမှာ ပထမဆုံးအသုတ် ပါဝင်သူတဦးလည်း ဖြစ်ပါတယ်။ သူကတော့ အပလီကေးရှင်း အသုံးပြုမှုဟာ ၀ိုင်အရက်စွဲတဲ့ရောဂါကို ကုစားနိုင်ခဲ့သလို ဆိုဘားဒိုင်ယာရီကို ဆက်လက်သုံးစွဲနေဆဲလို့ ပြောပါတယ်။ “ဒါဟာ ဒိုင်ယာရီသုံးသလိုပဲ၊ မနက်တကြိမ်၊ နေ့လယ်တကြိမ်၊ ညနေတကြိမ်၊ ညအိပ်ရာမ၀င်ခင် တကြိမ် သုံးရတယ်။ မမေ့အောင် အချိန်ကျော်မသွား နေ့စဉ်အလုပ်တခုလို ဂရုစိုက်ဖြစ်တယ်။ အပလီကေးရှင်းထဲမှာ အရက်ကင်းစင်ကြောင်း တွက်ချက်ပြတာကို စောင့်ကြည့်ရင်းနဲ့ပဲ အရက် မသောက်ဖြစ်တော့ဘူး၊ အစပိုင်းမှာ ခက်ခဲပေမယ့် နောက်ပိုင်းကျင့်သားရသွားတော့ အဆင်ပြေသွားတယ်” လို့ အရက်ဖြတ်နိုင်ခဲ့သူ အသက် ၅၀ အရွယ် ရန်ချန်ချန်းက ပြောပါတယ်။ ဆိုဘား အပလီကေးရှင်းကို ၂၀၁၂ခုနှစ်က စတင်လို့ ထိုင်ဝမ်အမျိုးသားတက္ကသိုလ် ကွန်ပျုတာသိပ္ဗံဌာန သုတေသနပညာရှင်တွေက တီထွင်ခဲ့ကြပြီး ထိုင်ပေစီးတီးဆေးရုံ အရက်ဖြတ်ကုစားမှုဌာနနဲ့ ပူးပေါင်း လုပ်ဆောင့်ခဲ့ကြတာပါ။ ဆိုဘား အပလီကေးရှင်းဟာ အရက်အတိုင်းအတာ တွက်ချက်မှတ်တမ်းယူမှုအပြင် တခြား စိတ်ဝင်စားစရာ ဖန်ရှင်တွေလည်း ပါဝင်ပါတယ်။ အဲဒီ့ထဲမှာ အရက်သောက်ချင်လာရင် လမ်းလျှောက်ထွက်စေပြီး စိတ်အေးသက်သာစေမယ့် ဂီတအမျိုးအစားတွေ နားထောင် နိုင်သလို တတ်သိပညာရှင်တွေရဲ့ အကြံပေးချက် စကားပြောသံတွေကိုလည်း နားဆင်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအတွက် သီးသန့်ဖန်တီးထားတဲ့ ဖန်ရှင်တွေလည်း ပါဝင်ပါတယ်။ ဒီအပလီကေးရှင်းကို ဖုန်းထဲထည့်သုံးရတာ ဆရာဝန်တယောက်ကို အမြဲတမ်း ကိုယ့်အိပ်ကပ်ထဲ ထည့်ထားရသလိုပဲ၊ အရက်သောက်ဖို့ဖြစ်လာရင်တောင်မှ ကိုယ့်ကိုကိုယ် ထိန်းချုပ်လာနိုင်တယ်လို့ အမျိုးသမီးလူနာတဦးဖြစ်ခဲ့တဲ့ ရှန်ဆိုချမ်းက ဆိုပါတယ်။ အခုချိန်အထိ အရက်ဖြတ်လူနာ ၅၇ ယောက်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တဲ့ Sober Diary အပလီကေးရှင်းဟာ ပညာရပ်ဆိုင်ရာသုတေသန အဆင့်မှာပဲ ရှိနေသေးပေမယ့် ကမ္ဘာတ၀ှမ်းက အန်းဒရိုက်ဖုန်း အသုံးပြုသူတွေအနေနဲ့ google play store ကနေ အခမဲ့ဒေါင်းလုပ်ယူနိုင်ပါတယ်။ [gallery ids="91998,91999,92001,92003,92004,92005,92007,92008,92009,92010,92011,92012"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024