ဂျပန်နှင့်ဖိလစ်ပိုင် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့် (ရုပ်သံ)

တရုတ်နိုင်ငံနဲ့ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဂျပန်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ မေ ၆ ရက်နေ့က မနီလာပင်လယ်အော်မှာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပင်လယ်ဓားပြနှိမ်နင်းရေး လေ့ကျင့်မှုဖြစ်ပြီး နှစ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၃၅၀ ကျော် ပါဝင်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှု ကို မနီလာမြို့တော် ပင်လယ်ရေကြောင်းလုံခြုံရေး ၃ ရက်ကြာ ညီလာခံတက်နေတဲ့ တရုတ်နိုင်ငံအပါအ၀င် နိုင်ငံ ၁၇ နိုင်ငံက ကမ်းခြေစောင့် တပ်အရာရှိကြီးတွေလည်း ကြည့်ရှုအားပေးခဲ့တာပါ။ ဂျပန်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ပင်လယ်ရေကြောင်းတရားမ၀င်လုပ်ငန်းတွေ ကာကွယ်နှိမ်နင်းရေးဟာ နှစ်နိုင်ငံအကျိုးတူကိစ္စဖြစ်လို့ အခုလို ပူးတွဲလေ့ကျင့်ရတာဖြစ်တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က နိုင်ငံတကာရေးရာညွန်ကြားရေးမှူး ဗိုလ်ကြီး ကိုအီချီ ကာဝါဂိုးအ် (Koichi Kawagoe) က ပြောဆိုပါတယ်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် အရည်အချင်းမြှင့်တင်ရေးကိုလည်း ဂျပန်နိုင်ငံက ကူညီပေးနေပြီး တောင်တရုတ်ပင်လယ်တွင်း အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ရေကြောင်း လုံခြုံရေး၊ အထူးသဖြင့် တောင်တရုတ်ပင်လယ်ဓားပြ နှိမ်းနင်းရေးကို ဂျပန်နိုင်ငံက အကူညီပေးဖို့ အဆင်သင့် ပါပဲလို့ လည်း ပြောဆိုပါတယ်။ ပြီးခဲ့တဲ့လက တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောတစီးကို တရုတ်ကမ်းခြေစောင့်တပ်က မီးသတ်ပိုက်နဲ့ ခြိမ်းခြောက်နှင်ထုတ်ခဲ့ပြီး အရှေ့တရုတ်ပင်လယ် မှာလည်း ဂျပန်ကမ်းခြေစောင့်တပ်ကို တရုတ်ကမ်းခြေစောင့်တပ်က ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီနှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ၂၀၁၂ ခုနှစ် ဂျပန်-ဖိလစ်ပိုင်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှု လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up