ထိုင်းဘုန်းတော်ကြီးများ နီပေါငလျင်ဒဏ်ခံ ရွာသားများကို အကူအညီပေး (ရုပ်သံ)

နီပေါနဲ့ အိန္ဒိယနိုင်ငံတွေက ထိုင်းဘုန်းတော်ကြီးကျောင်းတွေမှာရှိတဲ့ ထိုင်းဘုန်းတော်ကြီး အုပ်စုတစုဟာ နီပေါငလျင်ဒဏ်ခံ အစ်ချန်ခူ နာရာယန်ရွာကို ပြီးခဲ့တဲ့ မေ ၆ ရက်နေ့က ရောက်လာပြီး ရွာသားတွေကို အကူအညီတွေ ဝေပေးခဲ့ပါတယ်။ အရင်အပတ်က လှုပ်ခဲ့တဲ့ ပြင်းအား ရစ်ချတ်တာ စကေးလ် ၇.၈ ရှိတဲ့ ငလျင်ကြောင့် ခတ္တမန္ဒူ တောင်ကြားမြောက်ပိုင်းက ရွာဟာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တာပါ။ ဘာသာရေးသံတမန်  ထိုင်းဘုန်းတော်ကြီး ဖရာ့ခရူ ဆိုဖွန် သမ်မာဘန်က ကူညီရေး ပစ္စည်းတွေ ဖြန့်ဝေရာမှာ ဒီနေ့ ရသလောက်ပဲ ပါခဲ့တယ်။ ရွာသားတွေ သိပ်များတော့ မလောက်ငလို့ ကစဥ့်ကလျား ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ငလျင်ကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့တဲ့ ရွာသားတွေကို ကူညီဖို့ ဘုန်းတော်ကြီးတွေက ဆုတောင်းပေးခဲ့ကြပါတယ်။ အသက် ၈၃ နှစ်အရွယ် ရွာသား အဖိုးအိုကတော့ ရွာမှာ အိမ်တွေ နဲ့ တခြား အဆောက်အဦတွေကို ပြန်ဆောက်ဖို့ ရေအပါအဝင် အထောက်အပံ့တွေ အသည်း အသန် လိုနေတယ်လို့ ပြောပါတယ်။ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ မေ ၅ ရက်နေ့အထိ ၇၅၆၆ ယောက်ရှိပြီး အယောက် ၁၄၅၀၀ ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ ကုလသမဂ္ဂကတော့ နီပေါပြည်သူ ၂၈ သန်းထဲက ၈ သန်းလောက် ငလျင်ဒဏ်ခံခဲ့ရပြီး ပြည်သူအနည်းဆုံး ၂ သန်းကတော့ ယာယီတဲတွေ၊ ရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ နောက်ထပ် ၃လစာ လိုအပ်မယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up