ဆီးရီးယားတွင် စည်းပိုင်းဗုံး အသုံးပြုမှု ရာဇ၀တ်မှုဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ပြော

ဆီးရီးယားနိုင်ငံအတွင်း ဆီပီပါထဲမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ထည့်ထားတဲ့ စည်ပိုင်းဗုံးတွေကို ရဟတ်ယာဉ်တွေ ပေါ်ကနေ ပစ်ချတိုက်ခိုက်မှုဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး (Amnesty international) က မေလ ၅ ရက်နေ့က ပြောလိုက်ပါတယ်။ မနှစ်က အလဲ့ပိုမြို့ မြောက်ပိုင်းမှာ ခုလို စည်ပိုင်းဗုံးတွေ သုံးစွဲတိုက်ခိုက်မှုကြောင့် အရပ်သားအယောက် ၃ ထောင်လောက် သေဆုံးခဲ့ရပြီး ၂၀၁၂ ခုနှစ်ကနေ ခုချိန်ထိ လူအယောက် ၁ သောင်း ၁ ထောင်ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက အစီရင်ခံစာ အသစ်ထဲမှာ ပြောပါတယ်။ ဆီးရီးယားနိုင်ငံတလွှား အရပ်ဘက် နယ်ပယ်တွေမှာ စည်ပိုင်းဗုံး တွေရဲ့ အဖျက်စွမ်းအားကို ပြဖို့ အပျော်တမ်း ရိုက်ကူးထားတဲ့ ရုပ်သံတွေ အမြောက်အမြားလည်း အင်တာနက်ပေါ် ရောက်ခဲ့တာပါ။ မေ ၅ ရက်နေ့က အင်တာနက်ပေါ် တင်လာတာဆိုတဲ့ ရုပ်သံတခုမှာတော့ အလဲ့ပိုမြို့က ကျောင်း ၁ ကျောင်းကို စည်ပိုင်းဗုံး ထိမှန်မှုကြောင့် အပျက်အစီးတွေ ကြားက ဒဏ်ရာရ ကလေးငယ်ကို ဆွဲထုတ်နေပုံတွေ ပါဝင်ခဲ့ပါတယ်။ လူမှုကွန်ရက်မီဒီယာ အင်တာနက်စာမျက်နှာပေါ်က ရတဲ့ ဒီရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိပါဘူး။ အမ်နက်စတီ ရဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက အစီအစဉ် ညွှန်ကြားရေးမှူး ဖိလစ်ပ် လူသာက ဒေသခံတွေ ရှင်သန်ကျန်ရစ်သူတွေနဲ့ လူတွေ့မေးမြန်းမှုနဲ့ ရုပ်သံ မှတ်တမ်းတွေကို အကဲဖြတ်အပြီး စည်ပိုင်းဗုံးတွေကြောင့် အရပ်သား သေဆုံးမှုက ၉၉ ရာခိုင်နှုန်း ရှိကြောင်း၊ အလဲ့ပိုမြို့မှာ ၂၀၁၄ ဇန်နဝါရီကနေ ၂၀၁၅ မတ်လကြားမှာ အရပ်သား အယောက် ၃၀၀၀ သေဆုံးကြောင်း မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ စုံစမ်း စစ်ဆေးမှုအရ အစိုးရတပ်တွေက အတိုက်အခံတွေ တပ်စွဲထားတဲ့ နယ်မြေတွေကို လေကြောင်းဗုံးကြဲမှုကနေ လွတ်မြောက်ဖို့ ဒေသခံ အများအပြားက မြေအောက်မှာနေရတယ်လို့ ဆိုပါတယ်။ ဆီးရီးယားပြည်တွင်းစစ် ၄ နှစ်အတွင်း အလဲ့ပိုမြို့ဟာ အဓိကရှေ့တန်း စစ်မျက်နှာပြင်ထဲကတခုဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် လူအယောက် ၂ သိန်း ၂ သောင်းလောက် သေဆုံးခဲ့ပြီးပြီလို့ ကုလသမဂ္ဂက ပြောခဲ့ပါ တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up