ဘောလုံးနှင့်ပတ်သက်ပြီး ဖီဖာဥက္ကဋ္ဌ ဘာမှမသိဟု မာရာဒိုနာ ဝေဖန်

ဖီဖာဥက္ကဋ္ဌ ဘလတ္တာ ဟာ ဘောလုံးနှင့်ပတ်သက်ပြီး အမှန်တကယ်ကို ဘာမှသိတဲ့သူ မဟုတ်ဘူးလို့ အာဂျင်တီးနား ဂန္တာဝင် ကစားသမားကြီး မာရာဒိုနာက ဝေဖန်လိုက်ပါတယ်။ ဖီဖာအနေနဲ့ အပြောင်းအလဲတွေ ပြုလုပ်သင့်ပြီဖြစ်သလို ဖီဖာ ကို ဘလတ္တာတစ်ဦးတည်းက လက်ဝါးကြီးအုပ် ကိုင်တွယ်ဆုံးဖြတ်နေသည်မှာ မဖြစ်သင့်တော့ကြောင်း သူက ပြောဆိုခဲ့ပါတယ်။ ဘလတ္တာ ဟာ ငွေကြေးကို ဆာလောင်သူဖြစ်ပြီး ဒါကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကာတာကို ရွေးချယ်ခဲ့တာလို့လည်း မာရာဒိုနာက ပြောဆိုသွားခဲ့ပါတယ်။ ဖီဖာဥက္ကဋ္ဌသစ် ရွေးချယ်ပွဲ ကို မေလ ၂၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဖီဖာဥက္ကဋ္ဌ ရွေးချယ်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့်သူတွေကတော့ လက်ရှိ ဥက္ကဋ္ဌ ဘလတ္တာ၊ ဟော်လန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗန်ပရပ်၊ ပေါ်တူဂီ လက်ရွေးစင်ဟောင်း ဖီဂိုနှင့် မင်းသား အလီတို့ ဖြစ်ပါတယ်။ မာရာဒိုနာ ကတော့ ဥက္ကဋ္ဌနေရာအတွက် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီကို ထောက်ခံကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ က ဥက္ကဋ္ဌ အရွေးမခံဖို့ စဉ်းစားနေကြောင်း သူနဲ့သဘောထားတူတဲ့ သူကိုပဲ ထောက်ခံပေးလိုက်ရင် ကောင်းမလား ဆိုပြီး အခုရက်ပိုင်းကပဲ ပြောထားပါတယ်။ တရားဝင်နုတ်ထွက်တာတော့ မရှိသေးပါဘူး။ ဥက္ကဋ္ဌသစ်ရွေးပွဲမှာ ဘောလုံးအဖွဲ့ချုပ်ပေါင်း ၂၀၉ ခုက ကိုယ်စားလှယ်တွေက မဲပေး ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up