အမေရိကန် တက္ကဆက်ပစ်ခတ်မှု သူတို့လက်ချက်ဟု အိုင်အက်စ်ပြော

အမေရိကန် ပြည်ထောင်စု တက္ကဆက်မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုကို အိုင်အက်စ်အဖွဲ့က သူတို့ လက်ချက်လို့ ပြောပေမယ့် သမ္မတ အိမ်ဖြူတော်ကတော့ အတည်ပြုဖို့ စောသေးကြောင်း ပြောပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရသူ Josh Earnest က  သေနတ်သမား ၂ ဦးဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိ၊ မရှိဆိုတာကို FBI အပါအ၀င် တခြား ထောက်လှမ်းရေးအဖွဲ့တွေက စုံစမ်းဆဲဖြစ်ပြီး အခုအချိန်မှာ ပြောဖို့ စောသေးတယ်လို့ ဆိုပါတယ်။ မေလ ၂ ရက်နေ့က ဂါလန်မြို့မှာ  တမန်တော်မိုဟာမက်နဲ့ ပတ်သက်တဲ့ ကာတွန်းပြိုင်ပွဲ ကျင်းပတဲ့နေရာ လူ ၂၀၀ လောက် ရောက်နေခဲ့တာပါ။ ပြိုင်ပွဲကျင်းပရာ အဆောက်အဦရဲ့ အပြင်ဘက်  အရှေ့ဘက် လုံခြုံရေး စစ်ဆေးတဲ့နေရာမှာ သေနတ်သမားတွေနဲ့ ရဲတို့ အပြန်အလှန် ဖြစ်ခဲ့တာကို ပရိသတ် အများစုက သိတောင်  မသိလိုက်ကြပါဘူး။ ကာတွန်းပြိုင်ပွဲ ပြီးခါနီး  ည ၇ နာရီလောက်မှာ အော်တို မက်တစ် ရိုင် သေနတ်တွေ ကိုင်ထားတဲ့ သေနတ်သမား နှစ်ယောက် ကားနဲ့ရောက်လာပြီး စစ်ဆေးရေး ဂိတ်က ရဲကားကို သေနတ်နဲ့ ပစ်ပါတယ်၊ ရဲကားပေါ်ပါတဲ့ လုံခြုံရေး အစောင့် ဒဏ်ရာရခဲ့ပြီး ရဲက ပြန်ပစ်တဲ့အခါ သေနတ်သမား နှစ်ယောက်လုံး သေဆုံးခဲ့ပါတယ်။ သေဆုံးသွားသူ နှစ်ယောက်ဟာ ဖိုးနစ်မြို့မှာ တခန်းတည်း အတူနေတဲ့ Elton Simpson နဲ့ Nadir Soofi တို့ ဖြစ်ပြီး ဒုတိယ တယောက်ကတော့ ၂၀၀၆ ခုနှစ်ကတည်းက စောင့်ကြည့် စာရင်းမှာရှိနေတဲ့ သူဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up