Home
မြန်မာသတင်း
ဧရာဝတီ အနောက်ဘက်ကမ်းတွင် ၀ါးများ ရှားပါးလာ
ဇော်ဖေ
·
May 5, 2015
မကွေးတိုင်းဒေသကြီးအတွင်းက ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပွင့်ဖြူ မြို့နယ်မှာ ၀ါးတဖြည်းဖြည်း ရှားလာနေတယ်လို့ ၀ါးကို မှီခို အသက်မွေးဝမ်းကြောင်း လုပ်နေတဲ့သူတွေက ပြောပါတယ်။ ၀ါးက တဖြည်းဖြည်း ရှားပါးလာတဲ့ အတွက် မိရိုးဖလာ ၀ါးနဲ့ ဖျာ၊ တောင်း ယှက်လုပ်နေသူတွေအတွက် ၀ါးရှိတဲ့နေရာကို နာရီပေါင်းများစွာ ခက်ခက်ခဲခဲရှာဖွေနေရတာပါ။ ၀ါးအဖြစ်ရောက်မှ သုံးစွဲတာထက် စီးပွားဖြစ် မျှစ်ချိုးသူတွေကြောင့် ၀ါးရှားပါးလာနေရတာလို့ ဆိုကြပါတယ်။ “ကျနော်တို့ နှီးဖျာလုပ်ငန်းနဲ့ ပက်သက်ပြီးကြုံတွေ့ရတာကတော့ ၀ါးပြဿနာပေါ့။ မျှစ်ချိုးတဲ့သူတွေက အချိန်မရွေး ချိုးနေတဲ့အတွက်ကြောင့်။ ၀ါဆိုဝါခေါင်မှာ မျှစ်ပေါက်တယ်ဗျာ။ အဲဒီမှာ မျှစ်အတင်းချိုးတဲ့အခါ ကျတော့ တော်သလင်း သီတင်းကျွတ်ဆို မျှစ်ကမပေါက်တော့ဘူး။ အဲတော့ ဒီဝါးပြသနာပဲကြုံတွေ့ရတယ်။ ၀ါး မရှိတော့ နှီးဖျာရတာ ဝေးသထက်သေးတဲ့နေရာကိုသွားရတယ်။” လို့ ပွင့်ဖြူမြို့နယ် ကျွဲတံခါး ကျေးရွာက နှီးဖျာ လုပ်ငန်း လုပ်ကိုင်တဲ့ ဦးတင်မောင်ထွန်းက ပြောပါတယ်။ တပိုင်တနိုင် လုပ်ကိုင်နေသူတွေကို သစ်တောဦးစီးဌာနက လာရောက် ပိတ်ပင်မှု တွေရှိနေပြီး တောင်ယာ ခုတ်သူတွေ၊ ကားစီးလိုက်တင်နေသူတွေကို မသိချင်ယောင်ဆောင်နေတာတွေရှိနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ “ကျနော်တို့လုပ်ရတဲ့အခက်အခဲက ကျနော်တို့ကမရှိလို့ တပိုင်တနိုင်လုပ်သူတွေကိုကျတော့ သစ်တောက လာပိတ်ပင်တယ်။ဟောပြောတယ်၊ ဒီလိုမလုပ်ပါနဲ့ သစ်တောတွေ မပြုန်းတီးအောင်ထိန်းသိမ်းပေး ပါ ပြောတယ်။ သူတို့ကိုယ်တိုင် ကြိုးဝိုင်းတွေထဲမှာ ယာချောင်းတွေ ခုတ်လုပ်သူတွေကို မဟောပြောဘူး။ ကျနော်တို့ဆီက လက်ငုတ်တွေ ယာချောင်းတွေခုတ်တော့ ဖမ်းတယ်ဆီးတယ်။ ကျနော်တို့ ငွေနဲ့ လိုက်ပြီးတော့မှ သူတို့ကို လိုက်ဖြေရှင်းရတယ်။ နောက်ဆုံးထောင်ချဖို့အထိလုပ်ခဲ့တယ်။” လို့ ၀ါးကို မှီခို အသက်မွေးဝမ်းကြောင်း လုပ်နေတဲ့ ဦးတင်မောင်ထွန်းက ပြောပါတယ်။ နှစ်ပေါင်းများစွာ ဒေသခံများ လုပ်ကိုင်နေတဲ့ နေရာကို သစ်တောစိမ်းလန်းအဖွဲ့ကတိုးချဲ့လာနေတာကြောင့် သွားလာခွင့်မရတဲ့အထိ အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ “ကျွဲတံခါး လုပ်ပိုင်ခွင့်ရှိတဲ့ကြိုးဝိုင်းကို သူတို့က လာပြီးတိုးချဲ့တယ်။စိမ်းလမ်းက။ အဲဒီတိုးချဲ့တာကိုသူတို့  အနေနဲ့ ထိမ်းသိမ်းချင်လို့လား ကျနော်မေးချင်ပါတယ်။ သူတို့ရောင်းစားနေသလိုပဲ အခုဒေါ်တင့်တင့်တို့ စိုက်ခင်းဆို ကျနော်တို့ ထင်းခွေခွင့်၊ သွားလာခွင့်မရှိဘူး။ အဲဒီလောက်အထိ ပိတ်ပင်ထားတယ်။” လို့ ဦးတင်မောင်ထွန်းက ပြောပါတယ်။ ၀ါးကိုစီးပွားဖြစ်ထုတ်လုပ်မယ့်သူတွေလျောက်ထားရင် တရားဝင်ပါမစ်ထုတ်ပေး နေပြီး တပိုင်တနိုင် အသုံးပြုဖို့ ခုတ်ယူသူတွေကိုတော့ အရေးယူခြင်းမရှိဘူးလို့ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနကတာဝန်ရှိသူ တဦးက ဒီဗွီဘီကို ရှင်းပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024