Home
မြန်မာသတင်း
ကချင်တိုက်ပွဲ ကွင်းဆင်းလေ့လာရန် အစီအစဉ်ဖျက်သိမ်း
နော်နိုရင်း
·
May 4, 2015
ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကိစ္စ ကွင်းဆင်းလေ့လာဖို့ အစိုးရဖက်က မအားလပ်ကြောင်း အကြောင်းပြန်တဲ့အတွက် အစီအစဉ်ပျက်ပြားသွားပါတယ်။ ဖားကန့် နဲ့ တနိုင်းမြို့နယ်တွေမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တို့အကြားတိုက်ပွဲဖြစ်ပွား ခဲ့တာနဲ့ပတ်သက်ပြီး အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဟာ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ ပတ်သက်လို့ သဘောထားအမြင် တချို့ မတူညီမှုတွေရှိနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသကို ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်သွားဖို့ သဘောတူခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ အစိုးရတပ်ဖက်က ကွင်းဆင်းဖို့ မအားလပ်ကြောင်း အကြောင်းပြန်တဲ့အတွက် အစီစဉ်ဖျက်သိမ်းလိုက်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။ “သွားစစ်ဖို့အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီထားတာရှိတယ်။ ဒါပေမယ့်လည်း ဒီနေ့သူတို့တပ်က အကြောင်းပြန်တာက တပ်က အဆင်သင့်မဖြစ်သေးလို့ သူတို့ မအားလို့ဆိုပြီးမှ သွားစစ်ဖို့ အစီစဉ်က ပျက်သွားပြီဗျာ။ ဒီနေ့ပဲ သူတို့ အကြောင်းပြန်တာဗျာ။” မြေပြင်စစ်ဆေးဖို့ အစီစဉ်ပျက်သွားတဲ့အတွက် ကေအိုင်အေ ကိုယ်စားလှယ်တွေကတော့ မနက်ဖြန်မှာ ဌာနချုပ်ရှိရာ လိုင်ဇာကို ပြန်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို အစိုးရဘက်က ကိုယ်စားလှယ် ၅ ဦး နဲ့ ကေအိုင်အိုဘက်က ကိုယ်စားလှယ် ၅ ဦးစီ ဖွဲ့စည်းထားပြီး ၂၀၁၄ အောက်တိုဘာလကစ ပုံမှန်တွေ့ဆုံညှိနှိုင်းဖို့ရှိပေမယ့် ၂၀၁၄ နိုဝင်ဘာမှာ ကေအိုင်အေဗိုလ်သင်တန်းကျောင်း အပစ်ခံရပြီးတဲ့နောက် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ဒီဧပြီလဆန်းပိုင်း ၆ ရက်နေ့မှာတော့ တကြိမ်ပြန်လည်တွေ့ဆုံခဲ့ပြီး ဖားကန့်ဒေသတိုက်ပွဲတွေ ကြောင့် ဧပြီလ ၂၇ ရက်နေ့မှာ အရေးပေါ် ပြန်လည်တွေ့ဆုံခဲ့ကြပါတယ်။ ကွင်းဆင်းစစ်ဆေးမယ့် အစီအစဉ်ပျက်သွားပေမယ့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အနေနဲ့ ကတော့ လစဉ်ပုံမှန် တွေ့ဆုံနေကျအတိုင်း ဆက်လက်တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့လည်း ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024