Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင်း အစိုးရတပ်က လေယာဉ်နှင့် စမ်းသပ်ပစ်ခတ်
နော်နိုရင်း
·
May 4, 2015
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ထိန်းချုပ်ရာ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေ ဘောဂလိဒေသမှာ အစိုးရတပ်က ကြိုတင်အသိမပေးဘဲ လေကြောင်းက လေ့ကျင့် စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူ စစ်ဘက် အရာရှိတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရတပ်က လေယာဉ်နဲ့ ပစ်ခတ်သွားတဲ့ အပေါ် ကေအန်ယူတပ်မဟာ ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဒဲဖိုး က အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ သွားရောက်တွေ့ဆုံမေးမြန်းရာမှာ စစ်တပ်အနေနဲ့ ရုရှားက၀ယ်တဲ့ စစ်လေယာဉ်ကို လေ့ကျင့်ပစ်ခတ်တာဖြစ်ကြောင်း ပြောခဲ့တယ်လို့ ကေအန်ယူတပ်မဟာ ၂က အရာရှိ တဦးက ပြောပါတယ်။ “ဒူးယာခို (စစ်ဗျူဟာမှူး) က သွားမေးတာပေါ့ တိုင်းမှူးကို ဘာဖြစ်လို့လဲပေါ့။ အကြောင်းမကြား ဘာမကြား ဆိုတော့ ဒီမှာရှိတဲ့ ပြည်သူလူထုတွေက ထိတ်လန့်တယ်ပေါ့။ အဲလို ထိတ်လန့်တဲ့ အတွက် ကျနော်တို့ကို အကြောင်းကြားပေးရင်တော့ ပိုကောင်းတယ်ပေါ့။ အဲလိုပြောတဲ့ အခါကျ တော့ သူတို့က လေ့ကျင့်ရေးက ၇ ရက်ထဲပါတဲ့။ ဒီမြို့ပေါ်မှာကျတော့ဘာလို့ မလုပ်လဲလို့ မေးတော့ တိုက်တွေရှိတယ်တဲ့။ အဲဒါနဲ့ ဒူးယာခို (စစ်ဗျူဟာမှူး)က ကျနော်တို့ ဘောဂလိဒေ သမှာလည်း အဆောက်အဦတွေရှိတယ်လို့ ပြန်ပြောလိုက်တယ်။ အဲလို ပြောလိုက်တာနဲ့ နောက်ရက် လာမပစ်တော့ဘူး။” ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်က တကြိမ် မေ ၁ ရက်ကတကြိမ် လေယာဉ်နဲ့ ဒုံးကျဉ်လို လက်နက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာသားတွေ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် အဲဒီနေရာဒေသဟာ ဒေသခံတွေရဲ့ သီးနှံစိုက်ပျိုးရာနေရာဖြစ်လို့ စိုးရိမ်စရာဖြစ်တယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။ “သူတို့က ပစ်တာက မနက် ၇ နာရီမှ တလုံးပစ်တယ် ညနေကျတော့ တလုံးလာစမ်းတယ်။ ဗုံးတော့ ကျဲချတာ မဟုတ်ဘူးလေ။ တလုံးချင်းဆိုတော ကျနော်ထင်တယ် ဒုံးကျဉ်လိုမျိုးနေ မှာပေါ့။” ခုလို ကေအန်ယူနယ်မြေမှာ အစိုးရက လေကြောင်းကနေ လေ့ကျင့်ပစ်ခတ်မှု လုပ်ချိန်ဟာ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) နယ်မြေ ပန်ဆန်းမှာ ကျင်းပနေတဲ့ “တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေး”ကို ကေအန်ယူ ခေါင်းဆောင် တချို့ တက်ရောက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ လက်ရှိနိုင်ငံရေးအခင်းအကျင်း အခြေအနေအရ ဗုံးကြဲချမှုဟာ မလုပ်သင့်မဖြစ်သင့်ဘူးလို့ ကေအန်ယူ တွဲဖက်အတွင်းရေးမှူး ၁ ပဒိုစောသောသီဘွဲ့က ပြောပါတယ်။ “ကျနော်တို့ ပြောချင်တာက ကေအန်ယူနဲ့ မြန်မာအစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ နှစ်ဦးနှစ်ဖက် အယုံအကြည်ရှိရှိနဲ့ ဆောင်ရွက်နေတယ်လေ။ ပြည်တွင်းငြိမ်း ချမ်းရေးရရှိဖို့ အတွက် အန်စီအေ လို့ခေါ်တဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်တဲ့ အဆင့်အထိတောင် ကြိုးစားနေတဲ့အချိန်ကာမှာ ဒီလိုမျိုးလုပ်နည်းလုပ်ဟန်တွေကတော့ သိပ်ပြီးတော့ မကောင်းဘူးပေါ့ဗျာ။ ဒါတွေက ယုံကြည်မှုကို လျော့ပါးစေနိုင်တာပေါ့။” ခုလို ကေအန်ယူနယ်မြေမှာ အစိုးရတပ်က လေယာဉ်နဲ့ စမ်းသပ်ပစ်ခတ်လေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024