ယီမင်နိုင်ငံတွင် ဒေသခံများနှင့် ဟူသီသူပုန်များအကြား တိုက်ပွဲပြင်းထန်

ဓာတ်ပုံ -ရိုက်တာ
ယီမင်နိုင်ငံ အေဒင်မြို့တော်မှာ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က ဒေသခံတွေနဲ့ ရှီးယားမွတ်စလင် ဟူသီသူပုန်တွေအကြား တိုက်ပွဲ ပြင်းထန်နေပြီး ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ၂ ဆင့်ကွဲ ကလက်စတာ ဗုံးတွေ သုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။ အယ် အမာ ဒေသက ဟူသီသူပုန်လေကြောင်းစစ်ဆင်ရေးမှာ အနည်းဆုံး ၂ ကြိမ်သုံးခဲ့ပြီး ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ အမေရိကန်အခြေစိုက် လူအခွင့်အရေး စောင့်ကြည့်ရေး (Human Rights Watch) အဖွဲ့က စွပ်စွဲပြောဆိုခဲ့တာပါ။ ဒီ အတွဲလိုက် ကလက်စတာဗုံးတွေဟာ လေထဲမှ တဆင့်ကွဲပြီးမှ မြေပြင်ပေါ် ကျတာကြောင့် ဗုံးအများအပြားဟာ မကွဲပဲ မြေပေါ်၊ မြေအောက်မှာ ကျန်တတ်ပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်က နိုင်ငံပေါင်း ၁၁၆ နိုင်ငံက မသုံးစွဲဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဆော်ဒီအပါအ၀င် အခု လေကြောင်းစစ်ဆင်ရေးမှာ ပါဝင်တဲ့ မဟာမိတ်နိုင်ငံတချို့တော့ မပါဝင်ခဲ့ပါဘူး။ ဒီသဘောတူစာချုပ်မှာ အမေရိကန်နိုင်ငံလည်း  မပါဝင်ခဲ့ပေမယ့် အရပ်သားတွေပေါ် သုံးစွဲတဲ့နိုင်ငံတွေကို ရောင်းချမှုကိုတော့ ပိတ်ပင်ခဲ့ပါတယ်။ ဒေသခံတွေက ဒီ ကလက်စတာဗုံးလို့ ယူဆရတဲ့ အပိုင်းအစတွေကို ဗီဒီယိုရိုက်၊ အင်တာနက် လူမှုကွန်ယက်တွေမှ တင်ခဲ့ပေမယ့် သီးခြားအတည်ပြုချက်တော့ မရယူနိုင်ပါဘူး။ ဆော်ဒီကတော့ ဒီဗုံးတွေ သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဒီလေကြောင်း စစ်ဆင်ရေးတွေအစမှာ ငြင်းဆန်ဖူးပါတယ်။ ဆော်ဒီကို ထွက်ပြေးခဲ့ရတဲ့ ယီမင်သမ္မတ ဟာဒီ အာဏာပြန်ရဖို့ ဟူသီသူပုန် လေကြောင်းစစ်ဆင်ရေးတွေ လုပ်ရတယ်လို့ ဆော်ဒီနဲ့ မဟာမိတ်နိုင်ငံတွေက ပြောဆိုပြီး တဖက်မှာလည်း ဒီလေကြောင်းစစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ ဟူသီသူပုန်တွေက ကုလသမဂ္ဂမှာ တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၆ ပတ်အတွင်း ယီမင်နိုင်ငံမှာ လူ ၁၂၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပြီး ၃ သိန်းကျော် နေရပ်စွန့် ပြောင်းရွှေ့ခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up