ကာတွန်းပြပွဲကို ၀င်ရောက်ပစ်ခတ်သည့် သေနတ်သမား ၂ ဦးကို ကန် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသေပစ်သတ် (ရုပ်သံ)

အမေရိကန်နိုင်ငံ ကန်ဆတ်ပြည်နယ် ဒါးလတ်မြို့မှာ တမန်တော်မိုဟာမက် ကာတွန်းပုံပြပွဲ တခုကို လာရောက်ပစ်ခတ်ခဲ့တဲ့ သေနတ်သမား ၂ ဦးကို အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က အသေပစ်သတ်လိုက်ကြပါတယ်။ ပစ်ခတ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီတမန်တော်မိုဟာမက်ကာတွန်းပြခန်းကို လာရောက်သူတွေကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦအနီး မွတ်စလင်စင်တာ ဖွင့်လှစ်ခွင့် မပေးရေးလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ အမေရိကန်လူမှုအဖွဲ့အစည်းတခုက ဒီပြပွဲကို စီစဉ် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပြပွဲကို ဟော်လန်နိုင်ငံက မွတ်စလင်ဆန့်ကျင်ရေး နိုင်ငံရေးခေါင်းဆောင် ဂရိ ၀လ်ဒါစ် လည်း တက်ရောက်နေပြီး သူလည်း ထိခိုက်မှုမရှိခဲ့ပါဘူး။ ပစ်ခတ်မှုအပြီး ပြပွဲကျင်းပရာ အဆောက်အဦကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ထားလိုက်ပါတယ်။ ပြခန်းမှာ အကောင်းဆုံးမိုဟာမက်ကာတွန်းရုပ်ပြောင်အတွက် အမေရိကန်ဒေါ်လာ ၁ သောင်း ဆုချမယ့် အစီအစဉ်လည်း ပါဝင်ခဲ့တာပါ။ တမန်တော်မိုဟာမက်ကာတွန်းရုပ်ပြောင်ရေးဆွဲမှုကို မွတ်စလင်ကမ္ဘာက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်တာပါ။ ၂၀၀၆ ခုနှစ်က ဒိန်းမတ်သတင်းစာတစောင်က တမန်တော်ကာတွန်းပုံ ရုပ်ပြောင် ရေးဆွဲခဲ့လို့ ကမ္ဘာတ၀န်း ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။ အခုနှစ်ဆန်းပိုင်းကလည်း တမန်တော်မိုဟာမတ်ကာတွန်းပုံပြောင်တွေကို ရေးဆွဲ ထုတ်ဝေတဲ့ ပြင်သစ်မဂ္ဂဇင်းတိုက်ဟာလည်း မွတ်စလင်အစွန်းရောက် ၂ ဦးရဲ့ တိုက်ခိုက်ခံရပြီး လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up