Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ကျေးရွာအချို့တွင် လူထောင်နှင့်ချီ မြို့တက်မရသဖြင့် စားဝတ်နေရေးအခက်ကြုံ
ရွှေအောင်
·
May 3, 2015
ရခိုင်ပြည်နယ်၊ ကျောက်တော်နဲ့ ပလက်ဝကြားက ကျေးရွာတွေမှာနေထိုင်တဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ မြို့တက်မရဘဲ စားဝတ်နေရေးအခက်တွေ့နေလို့ ကူညီထောက်ပံ့ရေးကော်မတီဖွဲ့ပြီး ကူညီဖို့ ပြင်ဆင်လုပ်ဆောင်နေကြပါတယ်။ ကျောက်တော်နဲ့ ပလက်ဝမြို့ကြား ကျေးရွာတွေဖြစ်တဲ့ စပါးဆိပ်၊ ပီချောင်း၊ မြောင်ကြီး၊ မပြန်၊ တော်ပစီ စတဲ့ ရွာတွေမှာနေတဲ့ ဒေသခံ ရခိုင်၊ မြိုနဲ့ခမီ စတဲ့ တိုင်းရင်းသား ၁၀၀၀ ကျော် စားဝတ်နေရေးအခက်တွေ့နေကြတာကြောင့် ကူညီဖို့ ကော်မတီဖွဲ့လုပ်ဆောင်နေတာလို့ ရခိုင်စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ (ရန်ကုန်) ဒုဥက္ကဋ္ဌ ဒေါက်တာစံလှကျော်က ပြောပါတယ်။ “ရွာ ၆ ရွာလောက် အဆက်အသွယ်ပြတ်နေကြတယ်။ ကျောက်တော်မြို့ကနေ သွားတဲ့ ရေလမ်းခရီးကို ပိတ်ထားလို့ ရွာကလူတွေ ရိက္ခာပြတ်နေကြတာပေါ့။ မြို့က ဆန်ဝယ်မှ စားရတဲ့သူတွေ မြို့ကိုသွားပြီး ဆန်ဝယ်လို့ မရဘူး။ မော်တော်ဘုတ်တွေ လှေတွေ အသွားအလာတွေ အကုန်ပိတ်ထားတယ်။ စစ်တပ်က ပိတ်ထားတာပေါ့။” ရခိုင်စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ(ရန်ကုန်)ကို မေလ ၂ ရက်မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကော်မတီက ငွေကြေးအလှူခံ ထောက်ပံ့လှူဒါန်းမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ရခိုင်တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ကျောက်တော်မြို့၊ စပါးဆိပ်ကျေးရွာမှာ ရာနဲ့ချီ ရှိနေပါတယ်။ ဒါ့အပြင် ပြည်နယ်အတွင်း ရခိုင်တပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူတွေ ရှိနေကာ မင်းပြားမြို့နယ်ထဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် လူ ၃ ဦး ဖမ်းခံထားရပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်က ဖမ်းထားတဲ့သူတွေကို ဥပဒေအရ လုပ်ဆောင်ဖို့ တိုက်တွန်းပြောဆိုထားတယ်လို့ ဆိုပါတယ်။ “လဟာကျယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်နဲ့ ငစရိုင်းချောင်းကျွန်းက ကျောင်းဆရာတယောက်၊နောက်မြို့ပေါ် စီဒီအခွေအငှားဆိုင်က လူငယ်တယောက်တို့ကို ဒစက ၉ တပ်က ဖမ်းထားတာ ဆယ်ရက်လောက် ရှိပြီ။ မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှုးကို ကျနော်က ဥပဒေနဲ့အညီလုပ်ဖို့ပြောတော့ သူက စစ်တပ်က ဖမ်းထားတာ သူလည်း မတတ်နိုင်ဘူးလို့ ပြောတယ်။” အလားတူ ကျောက်တော်မြို့နယ်ထဲမှာလည်း ရခိုင်တပ်မတော်နဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး ဒေသခံ ၁၁ ယောက်ကို စစ်တပ်က ဖမ်းဆီးထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရနဲ့ ကမ္ဘာ့စားနပ်ရိကာအဖွဲ့တို့က တာဝန်ရှိသူတွေဟာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်နေတဲ့ စပါးဆိပ်ကျေးရွာကို သွားရောက်ပြီး ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ(ရန်ကုန်)ကို ဆက်သွယ်လှူဒါန်းလိုကြရင် ဒေါက်တာစံလှကျော် (ဖုန်း- 09 51 890 17) ၊ ဦးဖေသိန်း(ဖုန်း-09 510 70 64) ၊ ကိုရွှေဝင်း(ဖုန်း- 09 50 50 200) တို့ကို ဆက်သွယ် လှူဒါန်းနိုင်ကြပါတယ်။ စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ -ရခိုင်ပြည်အွန်လိုင်းသတင်း ဖေ့စ်ဘွတ်ခ်) [gallery ids="91526,91527"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024