ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် ရုရှားဆိုင်ကယ်စီးအဖွဲ့ သြစတြီးယားကို ရောက်ရှိ

ဒုတိယကမ္ဘာစစ်အောင်ပွဲ ဂုဏ်ပြုအထိမ်းအမှတ် မော်စကိုမြို့တော်ကနေ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်ကို ဆိုင်ကယ်စီးလာတဲ့ ရုရှားဆိုင်ကယ်စီးအဖွဲ့တွေဟာ မေ ၂ ရက်နေ့က သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တော်ကို ဆိုက်ရောက်လာကြပါတယ်။ ဗီယင်နာမြို့မှာ ကျင်းပခဲ့တဲ့ သြစတြီးယားနိုင်ငံ နာဇီဂျာမနီလက်အောက်က လွတ်မြောက်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး ကျဆုံးစစ်သည်တွေအတွက် ဂုဏ်ပြုပန်းခွေချခဲ့ကြတာပါ။ မော်စကိုမြို့တော်အခြေစိုက် Night Wolves ဆိုင်ကယ်ကလပ်အဖွဲ့ဝင်တွေဟာ မေလ ၉ ရက်နေ့မှာကျရောက်မယ့် ဒုတိယကမ္ဘာစစ်အောင်ပွဲ အနှစ် ၇၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့ ဧပြီလ ၂၅ ရက်နေ့က မော်စကိုကနေ ထွက်ခွာလာကြတာပါ။ ဆိုင်ကယ်စီးအဖွဲ့ကို သြစတြီးယားအာဏာပိုင်တွေက  နိုင်ငံဖြတ်သန်းခွင့်ပေးခဲ့ပေမယ့် ပိုလန်နိုင်ငံကတော့ ခွင့်မပေးခဲ့ပါဘူး။ ပိုလန်နိုင်ငံအပါဝအ၀င် ဥရောပနိုင်ငံတချို့က ရုရှားနိုင်ငံရဲ့ရန်လိုမှုကို ပြသတဲ့ ဒီဆိုင်ကယ်ခရီးစဉ်ဆိုပြီး ပြင်တင်ဝေဖန်မှုတွေရှိခဲ့တာပါ။ ဟန်ဂေရီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်က ဒီအခမ်းအနားကို အခုလိုတက်ရောက်ခွင့်ပေးခဲ့တဲ့ကိစ္စဟာ ကောင်းတဲ့ကိစ္စဖြစ်ပြီး စိုးရိမ်ပူပန်စရာမရှိပါဘူးလို့ ပြောဆိုခဲ့တာပါ။ ဒါဟာ သြစတြီးယားအာဏာပိုင်တွေရဲ့ ရင်းနှီးချစ်ကြည်မှု၊ ငြိမ်းချမ်းမှုကို ပြသတဲ့လုပ်ရပ်ဖြစ်တာကြောင့် ကျေးဇူးတင်ရှိတယ်လို့လည်း ပြောပါတယ်။ ဒီဆိုင်ကယ်စီးကလပ်ဟာ ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးတဲ့ ဆိုင်ကယ်စီးကလပ်ဖြစ်ပြီး သမ္မတပူတင်ရဲ့ မူဝါဒတွေ အထူးသဖြင့် ခရိုင်မီယာနဲ့ ယူကရိန်းမူဝါဒတွေကို အထူးထောက်ခံတာပါ။ ဒါကြောင့် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ခံရုရှားအဖွဲ့အစည်းစာရင်းမှာ ထည့်သွင်းခံထားရတာလည်း ဖြစ်ပါတယ်။

More News
Up