လူမည်းတဦး သေဆုံးမှု အမေရိကန်ရဲအရာရှိ ၆ ဦးကို တရားစွဲ

ဖရက်ဒီ ဂရေး
1.7K
အမေရိကန်ပြည်ထောင်စု ဘယ်လတီမောမြို့ ရဲအချုပ်မှာ လူမည်းတဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲအရာရှိ ၆ ဦးကို လူသတ်မှုနဲ့ တရားစွဲလိုက်ပြီလို့ မြို့ရဲ့ အစိုးရရှေ့နေချုပ်က ပြောပါတယ်။
ရဲအဖွဲ့က အသက် ၂၅ နှစ်အရွယ် ဖရက်ဒီ ဂရေးကို ဧပြီလ ၁၂ ရက်နေ့က ဖမ်းဆီးပြီးနောက် တပတ်အကြာမှာ ကျောရိုးနာကျင်တဲ့ ဝေဒနာနဲ့ သေဆုံးခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ အမှန်တရား ပေါ်ပေါက်ဖို့ အရေးကြီးတယ်လို့ သမ္မတ အိုဘားမားကလည်း ပြောပါတယ်။
ဘယ်လတီမောမြို့က အရာရှိတွေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့တို့ အနီးကပ် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“ဘယ်လတီမောမြို့သားတွေ အလိုချင်ဆုံးအရာဟာ အမှန်တရားပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ တနိုင်ငံလုံးက ပြည်သူတွေကလည်း အမှန်တရားကို မျှော်လင့်နေကြပါတယ်” လို့ အိုဘားမားက ပြောပါတယ်။
ဂရေးကို ဖမ်းဆီးခဲ့တဲ့ ရဲအရာရှိတွေကို စွပ်စွဲထားတဲ့ အမှုတွေထဲမှာ လူသတ်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ တာဝန်အလွဲသုံးစားလုပ်မှု၊ မှားယွင်းဖမ်းဆီးမှုတွေ ပါဝင်ပြီး ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် အနှစ် ၃၀ ကနေ ၄၀ အထိ အထိ ကျခံနိုင်တဲ့ အမှုတွေဖြစ်ပါတယ်။
ဂရေးသေဆုံးမှုဟာ မနှစ်က ဖာဂူဆန်နဲ့ နယူးယော့ခ်မှာ လူမည်းအမျိုးသားတွေ သေဆုံးခဲ့ရတုန်းလိုပဲ အာဖရိကနွယ်ဖွား အမေရိကန်တွေကြားမှာ ဒေါသထွက်စရာ ဖြစ်ခဲ့ပြီး ဘယ်တီမောမြို့မှာ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဖာဂူဆန်နဲ့ နယူးယော့ခ်က အမှုတွေမှာတော့ ရဲအရှိတွေကို တရားမစွဲဖို့ နယ်ခံဂျူရီ အဖွဲ့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဖာဂူဆန်နယ်မြေမှာ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့သလို၊ နယူးယော့ခ်နဲ့ တခြားမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ် ပေါက်ခဲ့ပါတယ်။