နီပေါတွင် အမျိုးသမီးတဦးကို ပြိုကျအဆောက်အအုံထဲက ထပ်မံကယ်တင်

နီပေါငလျင်အလွန် ၅ ရက်မြောက်နေ့မှာ အသက် ၂၄ နှစ်အရွယ် ကရစ္စနာ ကူးမား ခါဒါ ဆိုတဲ့ အမျိုးသမီးကို ပြိုကျနေတဲ့ အဆောက်အအုံထဲကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဆောက်အအုံအပျက်ထဲက အော်သံကြားရာက ပြင်သစ်၊ အစ္စရေးနဲ့ နော်ဝေ ကယ်ဆယ်ရေးအဖွဲ့က အမျိုးသမီးကို ကယ်ထုတ်နိုတာ ဖြစ်ပါတယ်။ ခရစ္စနာဟာ ဧပြီ ၃၀ ရက်နေ့မှာ အသက်ရှင်လျက် ပြန်တွေ့ရတဲ့ ဒုတိယမြောက် ကံကောင်းသူ ဖြစ်ပါတယ်။ သူ့လိုပဲ ကက်သမန်ဒူမြို့တော်က ဟီလ်တန်ဟိုတယ် အပြိုအပျက်ထဲက ဆယ်ကျော်သက်အရွယ် လူငယ်တယောက်ကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေက အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် အခုလို အသက်ရှင်လျက် ပြန်တွေ့ဖို့ အခွင့်အရေးကတော့ နည်းသွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့ အရာရှိတွေက ပြောပါတယ်။ ကက်သမန်ဒူမြို့ အပျက်အစီး အခြေအနေကို သိနိုင်ပေမယ့် အစွန်အဖျား တောင်ခြေဒေသက အခြေအနေကိုတော့ အတိအကျ သိဖို့ ခက်ခဲနေတုန်းပါဘဲ။ ကုလသမဂ္ဂရဲ့ စာရင်းအရ အိမ်ပေါင်း ၆ သိန်းလောက် ပြိုကျ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်ဒဏ်ကို လူ ၈ သန်းလောက် ခံခဲ့ရပြီး အနည်းဆုံး လူ ၂ သန်းအတွက် နေစရာ ယာယီတဲ၊ ရေ၊ ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပြည်ထဲရေးဌာန အရာရှိတယောက်ရဲ့ အဆိုအရ ဧပြီ ၃၀ မွန်းလွဲပိုင်းမှာ အတည်ပြုနိုင်တဲ့ လူသေစာရင်းဟာ ၅၈၅၈ ယောက်အထိ ရှိသွားပြီး ၁၃၈၀၀ ဟာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်နေပေမယ့် ဖြန့်ဝေတဲ့ အပိုင်းမှာ နှောင့်နှေးနေလို့ ပြည်သူတွေက အပြစ်တင်နေပါတယ်။ ရာသီဥတု ဆိုးရွားနေတာကြောင့် အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို အကူအညီတွေ မရောက်သေးပါဘူး။ ဓာတ်ပုံ - ရိုက်တာ [gallery ids="91254,91255,91256,91257,91258"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up