ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်၏လုပ်ရပ်အတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး တောင်းပန်

ဂျပန်ဝန်ကြီးချုပ်
အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံရဲ့ လုပ်ရပ်တွေအတွက် အတော်ကို နောင်တ ဖြစ်ရတယ်လို့ တောင်းပန်ခဲ့ပါတယ်။ ၀န်ကြီးချုပ် ရှင်ဇို အဘေးဟာ ကွန်ဂရက်လွှတ်တော်မှာ ပထမဆုံး စကားပြောခွင့်ရတဲ့ ဂျပန်ဝန်ကြီးချုပ် ဖြစ်ပါတယ်။ စစ်အတွင်း ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေကို ဂုဏ်ယူလေးစားပြီး သူတို့အတွက် ၀မ်းနည်းကြေကွဲရတယ်လို့ လွှတ်တော်မှာ ပြောဆိုပါတယ်။ အခုနှစ်ဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အနှစ် ၇၀ ပြည့်မြောက်တဲ့နှစ် ဖြစ်ပြီး ၀န်ကြီးချုပ်ရဲ့ စစ်နဲ့ ပတ်သက်ပြီး ပြောဆိုမှုအပေါ် အများက အလေးထားခဲ့ကြတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့ကြတဲ့ အမေရိကန်စစ်သည် ၄ သိန်းအတွက် သူရဲကောင်းစစ်သည်ဗိမာန်ကိုလည်း ဂျပန်ဝန်ကြီးချုပ်က ဧပြီ ၂၉ ရက်နေ့မှာ သွားရောက်ခဲ့ပြီး ပန်းခွေချ အလေးပြုခဲ့ပါတယ်။ ခရီးစဉ်အတွင်း အမေရိကန်နဲ့ ပူပေါင်းထူထောင်နေတဲ့ ပစိဖိတ်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ကွန်ဂရက်လွှတ်တော်အမတ်တွေ အားပေးထောက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။ လောလောဆယ် အဲဒီအဖွဲမှာ အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံ ရှိပါတယ်။ ခရီးစဉ်အတွင်း အမေရိကန်-ဂျပန် စစ်ရေးပူးပေါင်းမှုတွေ တိုးမြှင့်မယ့်အစီအစဉ်သစ်တွေကို သဘောတူညီခဲ့ကြပြီး ဂျပန်နိုင်ငံလုံခြုံရေးအတွက် အမေရိကန်နိုင်ငံက ပိုပြီး တာဝန်ယူဖို့ ရှိလာပါတယ်။ ဂျပန်လုံခြုံရေးစာချုပ်မှာ လက်ရှိ ဂျပန်ရဲ့ အချုပ်အချာနယ်မြေတွေနဲ့ အရှေ့တရုတ် ပင်လယ်ထဲက တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ကျွန်းတွေပါ အကျုံးဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up