Home
မြန်မာသတင်း
ဘားအံမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား
နော်နိုရင်း
·
April 29, 2015
ကရင်ပြည်နယ် ဘားအံမြို့နယ် ဖိုးရှိုးရပ်ကွက်အတွင်းရှိ သဘာဝဓာတ်ငွေ့ ထိန်း၊ ဖြန့် စခန်းဝင်းအတွင်း ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ ပိုက်တွင်း လက်ကျန် သဘာဝဓာတ်ငွေ့တွေကို ရှင်းနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ “ဂက်စ်လိုင်းထဲမှာ ဂက်စ်အကျန်ကို ရှင်းတာပေါ့။ ဘယ်လိုရှင်းလဲဆိုရင် မီးရှို့ပြီးတော့ ရှင်းထုတ်တာ။ ခါတိုင်းလည်း ဒီလိုပုံစံပဲ သူက မီးရှို့ပြီး ရှင်းထုတ်တယ်။ အဲတော့ ရှင်းရင်းနဲ့ မီးကအထဲကို ပြန့်ဝင်ပြီး ပေါက်တဲ့သဘောဖြစ်သွားတာ။” ပေါက်ကွဲမှုဖြစ်တဲ့ပိုက်လိုင်းက ဂက်စ်တွေကို ခေတ္တ ဖြတ်ထားပြီး အဲဒီပိုက်လုံးအတွင်း ဂက်စ်တွေပြန်သွင်းမှာဖြစ်လို့ သန့်ရှင်းရေးလုပ်ချိန်မှာ ပေါက်ကွဲခဲ့တာလို့လည်း ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ပိုက်လိုင်း ပျက်စီးသွားခဲ့ပေမယ့် တခြား သေကျေပျက်စီးမှုတွေ မရှိဘူးလို့ ဆိုပါတယ်။ “ပေါက်ကွဲမှုက သိပ်မပြင်းပါဘူး။ ဒါပေမယ့် ဟို နို့ဆီခွက်တွေ၊ ရေဘူးတွေ မီးထဲမှာပါသွားရင်ဖြစ်တဲ့ ပုံစံမျိုးပါပဲ။ သူက လေလုံပိတ်ထားတဲ့ ပိုက်လုံးတခုထပ်ပေါက်သွား တယ်ဆိုတော့ နည်းနည်း အသံကျယ်သွားတာပေါ့။ ထိခိုက်ပျက်စီးတာ ဘာမှမရှိဘူး။ လူအသေအပျောက်လည်း မရှိဘူး။ မရှိဘူးဆိုတာက ဓာတ်ငွေ့စခန်းက ပေ ၂၀၀- ၃၀၀ ပတ်လည်ခြံပေါ့ဗျာ။ အဲဒီခြံနားမှာ ၀န်ထမ်းတွေ နေတဲ့အိမ်တော့ရှိတယ်။ ဒါပေမယ့် အိမ်တွေလည်းမထိခိုက်ပါဘူး။ အဲဒီဘေးမှာတော့ တည်းခိုခန်းရှိတယ်။ တည်းခိုခန်းရဲ့မှန်တချပ် ကွဲသွားတယ်။ မြေကြီးတုန်ခါတော့ မှန်က မခိုင်လို့ ကွဲသွားတာ။” မြိုင်ကလေးကျေးရွာအုပ်စုမှာရှိတဲ့ အဆိုပါ ဓာတ်ငွေ့ ထိန်း၊ ဖြန့် စခန်းဟာ မော်လမြိုင်ဓာတ်ငွေ့ စခန်းကနေ ပေးပို့တဲ့ ဓာတ်ငွေ့တွေကို ဘားအံမြို့နယ်ထဲက ဘိလပ်မြေစက်ရုံ ၂ ရုံကို ဓာတ်ငွေ့ ထပ်ဆင့် ဖြန့်ပေးတဲ့ စခန်းဖြစ်ပါတယ်။   [gallery ids="90955,90956,90957,90958"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024