Home
မြန်မာသတင်း
ရခိုင်ပြည်တပ်မတော်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ရန် တောင်းဆို
DVB
·
April 27, 2015
မြန်မာပြည်တွင်းနေရာအနှံ့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အစိုးရက အာမခံချက်မပေးလို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး တနိုင်ငံရေး အပစ်ခတ်ရပ်စဲနိုင်ရေးအတွက် ပါဝင်သင့်ပါဝင်ထိုက်သူကို ထည့်သွင်းပေးဖို့ ရခိုင်ပြည် တပ်မတော်က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်တပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းက “ဒီဗမာပြည်အနှံ့မှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံချက်ကို မပေးလို့ ဖြစ်နေရတယ်။ အဲလို တိုက်ပွဲဖြစ်ပွားတဲ့အပေါ်မှာ အရပ်ဖက်အပြစ်မဲ့တွေကို ထိခိုက်မိတာကိုလည်း ကျနော်တို့က စိုးရိမ်တယ်။ အခု ကျနော်တို့ ရခိုင်မှာဖြစ်နေတဲ့ ပုံစံမျိုး ဆိုရင် ရွာတွေ မီးရှို့တာတွေ့ရတယ်။ အရပ်သားတွေ ပစ်သတ်ခံရတာတွေ မတော်မတရား ဖမ်းဆီးခံရတာတွေရှိတယ်။ ပြည်သူလူထုက ကူညီဖို့ဆိုတာကိုလည်း ကန့်သတ်တားမြစ်တာ ကို တွေ့ရတယ်ခင်ဗျာ။” ဒါ့အပြင် လက်ရှိအစိုးရကလုပ်ဆောင်နေတဲ့ တနိုင်ငံရေးအပစ်ခတ်ရပ်စဲနိုင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူတွေ မပါရင်လည်းရေရှည် ငြိမ်းချမ်းရေးခိုင်မြဲမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ “သူတို့ အန်စီအေ လက်မှတ်ရေးထိုးတဲ့အထဲမှာ ဒီအဖွဲ့အစည်းကို ထည့်သွင်းမစဉ်းစား ဘူးပေါ့နော်။ အဓိက တပ်မတော်ဘက်ကပါ။ တပ်မတော်ဖက်က အဲလို ထည့်သွင်းမစဉ်းစားလိုဘူး။ စာရင်းပိတ်လိုက်ပြီးအရင် အဖွဲ့အစည်းတွေနဲ့။ ဒီအဖွဲ့အစည်းတွေက နောက်မှ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းသစ်တွေဖြစ်တယ်လို့ သူတို့ဖက်က အဲလို သဘောထားရှိတယ်။ ကျနော်တို့က ဒီတိုင်းပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ပါဝင်သင့်ပါဝင်ထိုက်သူတွေ အကုန်လုံးပါဝင်ရမယ်။ ကျနော်တို့ကလည်း ပါဝင်သင့်ပါဝင်ထိုက်သူ စာရင်းမှာကျနော်တို့ ပါဝင်တယ်လို့ ထင်တယ်။ အဲလိုမျိုး မပါဝင်ဘဲ ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာကတော့ ရေရှည်ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူး။ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူး။ အဲလိုပဲ ပြောလိုပါတယ်။” AA အပါအဝင် နောက်မှ ဖြစ်ပေါ် လာတဲ့ လက်နက်ကိုင် အဖွဲ့တွေ ကို NCA မှာ ပါဝင်ခွင့် မပြုနိုင်ဘူးလို့ အစိုးရဘက်က ပြောနေပြီး၊ AA က လည်း တိုင်းရင်းသား မဟာမိတ်တွေနဲ့အတူ ပါဝင်ခွင့်ရဖို့ လှုံ့ဆော်စည်းရုံးနေသလို နိုင်ငံတကာကိုလည်း တင်ပြနေတယ်လို့ ဗိုလ်မှူးကြီးမင်းထွန်း က ဆိုပါတယ်။ ရခိုင်ပြည်တပ်မတော် (Arkan Army) ဟာ အင်ဟာ ၁၅၀ လောက်သာရှိပြီး ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ သူတိုရဲ့ ဌာနချုပ်ကို လက်ရှိ ကရင်ပြည်ထဲက (DKBA) ထိန်းချုပ်နေရာမှာ ထားရှိပြီး သူတို့ အနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရေး၊ အမျိုးသား လက္ခဏာနဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးနဲ့ အမျိုးသားဂုဏ်သိက္ခာနဲ့ သက်ဆိုင်ရာ အကျိုးအမြတ်တွေမြင့်တင် စတဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024