Home
ဆောင်းပါး
ကျွန်ုပ်နှင့် သိကြားမင်းသည် ကွန်မြူနစ်ပါတီအမာခံကေဒါများ ဖြစ်ကြ၏
DVB
·
April 27, 2015
(၁) ဤဇာတ်လမ်း၏ မြစ်ဖျားခံရာသည်ကား လွန်ခဲ့သောသင်္ကြန်ရက်များ၏ တခုတည်းသော ညဥ့်ဦးပိုင်းတွင် ဖြစ်လေသည်။ ထိုညက ကျွန်ုပ် အိပ်ယာဝင် ဘုရားရှိခိုးအပြီး အဟံဝေယောဟောမိအစချီ၊ မေတ္တာပို့ပုံသည်လည်း သာမန်ရွတ်စဉ် သာဖြစ်၏။ သို့သော်(နတ်တို့သနင်းသိကြားမင်းသည်လည်းကောင်း)ဟူသည့်နေရာအရောက်တွင် ကျွန်ုပ် စကားထစ်နေသဖြင့် ၃ ကြိမ်ရွတ်ဆိုမိသည်ကား ထူးခြားချက် ဖြစ်၏။ နောက်ဆုံး ဦး ၃ ကြိမ်ချ၍ ခေါင်းချကာ အိပ်စက်တော့အံ့ဟု မျက်စိကို အနားပေးလိုက်ချိန်တွင်မူ အုန်းဆိုသည့်အသံ နဲ့အတူ ကျွန်ုပ်အိပ်ခန်းတခုလုံး စူးရှသော အလင်းရောင်တို့ဖြင့် ဝင်းထိန်သွားသဖြင့် အလန့်တကြားမျက်လုံးဖွင့် ကြည့်မိသည့်အခါတွင်ကာ ဇာတ်ထဲက သိကြားမင်းဝတ်စုံနဲ့ ထူးဆန်းသောပုဂ္ဂိုလ်တဦးသည် ကျွန်ုပ်၏ကုတင် ဘေးတွင် မတ်တပ်ရပ်လျက်သား ရှိနေကာ ကျွန်ုပ်အား ဇာတ်ဟန်ပါပါ ချိုသာစွာ နှုတ်ဆက်ပါ၏။ “ဝတိံဖျားကငါသိကြား ဖြစ်တော့သကိုး၊ ကိုဒင်ကြီးရဲ့” အနည်းငယ် အံ့သြ ထိတ်လန့်သွားမိသည်ကို ဝန်ခံပါ၏။ သို့သော် တခဏချင်းပင် ကြောက်စိတ်နေရာ၌ ဒေါသစိတ်သည် ထူးဆန်းစွာ ဝင်ရောက်လာခဲ့လေသဖြင့် သိကြားမင်းဟု ဆိုသည့် ထိုပုဂ္ဂိုလ်အား ကျွန်ုပ် သရော် တော်တော်ခွန်းတုန့်ပြန် လိုက်မိ၏။ “ခင်ဗျား ကြည့်ရတာ သင်္ကြန်ရက်ကြီးမှာ လက်ပတ်နီတွေ၊ ဝါးရင်းတုတ်နဲ့ လိုက်ရိုက်လို့ ဖူးခက်ဘက် ပြေးလာတာတော့ မဟုတ်လောက်ပါဘူးနော်။” “ဟ။ ခင်ဗျားပြောပေါက်က ဘုဂလန့်ကြီးပါလား။ ကျုပ်က အခုလို သင်္ကြန္တအခါသမယမှာ လူ့ပြည်ဆင်းလာပြီး ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပေါ့။ အခု ရောက်လာရတာ ခင်ဗျားပဲ ကျုပ်ကို မေတ္တာနင်းကန်ပို့နေလို့ လိုရာဖြည့်ဆည်းပေးရအောင်ရောက်လာတာပါလေ။” “တော်စမ်းပါဗျာ။ ခင်ဗျားကို အယုံအကြည် မရှိတာ။ မင်းတုန်းမင်းကြီး လက်ထက်ကတည်း ကဗျ။ ဒီခေတ်ကြီးမှာဆို ပို ဆိုးသေး။ သိကြားဆိုတဲ့နာမည်တောင် ကြားချင်စိတ်မရှိတော့ဘူး။ အလကား သိကြားမင်း၊ သိကြားလိမ်။” “ဟမ်” ဘိုးတော်သိကြားမင်းသည် သူအား ပမာမခန့် သဟောက်သဟမ်းပြုနေသော ကျွန်ုပ်အား အတန်ငယ် ရှိန်သွားဟန်ရှိကြောင်း သူ၏ အာမေဋိတ်သံက အထင်အရှားသက်သေခံလျက် ရှိ၏။ (၂) “မဟမ်နဲ့ ကိုယ့်လူ။ ကုန်းဘောင်ခေတ်စာဆိုကျော်ဦးပုညရဲ့ သိကြားလိမ်ဖွဲ့ သာမည တေးထပ်ကို ကိုယ့်လူ ဖတ်ပြီးသားနေမှာပါ။ ဘာတဲ့။ နန်းမေရုပြာသာဒ်၊ လမ်းဖြတ်တဲ့ဣန္ဒာ၊ ကမ်းသတ်လို့ နှိမ်ရှာတယ်၊ အလိမ္မာလွန်သား၊ ထောက် လှမ်းချက် သုဓမ္မာဝယ်၊ ခုအခါ လစ်ကြသလား။ ဘုရားက သိကြားကို မှာတယ်၊ ဌကထာ ရှိသား၊ သာသနာ ငါထားငဲ့၊ မမှားအောင် စေ့ဆော်၊ မကောင်းသူ ကောင်းသူတို့ကို၊ ကြောင်းယူလို့ ဆန်းစစ်ကာမျှော်။ ဝိမလနန်းသစ်ပေါ်မှာ၊ သန်းရှစ်ဖော် ရွေများနှင့်၊ ဘုရားကို နှစ်ရစ်လိမ်၊ ညစ်တဲ့မာဃိန်၊ ပစ်ရှာမယ့် ဝရဇိန်ငယ်၊ ပန်းထိမ်မှာ ပြင်တုန်း ထင့်လေးတဲ့ဗျ။” “အေးဗျ။ အဲဒီ တေးထပ်ကို ကျုပ်ခဏခဏကြားဖူးတာတော့အမှန်ပဲ။ ဒါနဲ့ အဓိပ္ပာယ်က ဘာတဲ့တုန်းဗျာ။” “သိကြားမင်းထဲမှာတော့ ခင်ဗျားအညံ့ဆုံးပဲဗျာ။ မဲလိမ်မဲခိုးပြီး တက်လာတဲ့သိကြားများ ဖြစ်လေရော့သလား။ မသေ မချင်း မှတ်ပေတော့။ သာသနာအနှစ် ၅၀၀၀ ထားခဲ့ရာမှာ ပထမအနှစ် ၂၅၀၀ က ဘုရားသာသနာ၊ ဒုတိယအ နှစ် ၂၅၀၀ က သိကြားသာသနာ။ သိကြားသာသနာမှာ မကောင်းသူပယ် ကောင်းသူကယ်ရမဲ့၊ ခင်ဗျားအလုပ် ခင်ဗျားမလုပ်လို့ ခုလိုသိကြားသာသနာမှာ လူမသမာတွေ မိုးကောင်းနေကြတာလေ။ စစ်တပ်က ဦးပိုင်ထောင်ပြီး တိုင်းပြည် ရဲ့ အဆီအနှစ်မှန်သမျှ လက်ဝါးကြီး အုပ်တယ်။ မဲလိမ်မဲခိုးပြီး အစိုးရတက် လုပ်တယ်။ အခု လာမဲ့သက်တမ်းမှာလည်း လိမ်ကြ ခိုးကြဦးမယ်။ ဒါတွေကို သိသိကြီးနဲ့ လျစ်လျူရှုနေတာ ခင်ဗျားရဲ့ သောက်သုံးမကျချက်တွေပေါ့ဗျာ။ ဘယ့် နှယ် လိမ်စရာမရှိ ဘုရားကိုတောင် နှစ်ထပ်ကွမ်းလိမ်တဲ့ သိကြားယုတ်။ ခင်ဗျားရဲ့ ဝရဇိန်လက်နက်ဟာ ပန်းတိမ်မှာ ပြင်နေတာတော့ မဟုတ်လောက်ဘူး။ ခင်ဗျားမိန်းမ ၄ ယောက် စိန်နားကပ်ပန်ဖို့ အစိုးရနဲ့ စစ်တပ်ဆီမှာ ဒေါ်လာနဲ့ ရောင်းစားပစ်တာပဲ ဖြစ်ရမယ်။ ကျုပ်အတွက်ကတော့ ဆီးချိုသွေးချို ဖြစ်မဲ့ သကြားရော၊ ကလိမ်ကကျစ်ဘိုးတော်သိကြားကော၊ ဘယ်သိကြားမှ အဖက်မလုပ်ချင်ဘူးဗျာ။ ဒီမယ် ကိုမာဃ ခင်ဗျားအစား ကျုပ်ရှက်တယ်ဗျာ။ ခင်ဗျား မြန်မြန်သာ ပြန်ပါတော့ ကြွကြွ၊ မြန်မြန်ကြွ။” “ဟား၊ ကိုဒင်ကြီးပြောကာမှ ကျုပ်လည်း တပြားမှမတန်တဲ့ သိကြားဖြစ်ရမဲ့ကိန်းပါကလား။ ကဲပါလေ။ ရောက်တုန်း ရောက်ခိုက် ကျုပ်တာဝန်ကျေရအောင်၊ ခင်ဗျားလိုချင်တဲ့ဆုသာ တောင်းပေတော့ဗျား။” “သြ၊ ဘုရားကို လိမ်တာ အားမရသေးလို့ ကျုပ်ကိုပါ ထပ်လိမ်ဦးမယ်ပေါ့။ သုံးထပ်ကွမ်း လူလိမ်၊ အဲ သိကြားလိမ် ဖြစ်သွားမယ်နော်။” ကျွန်ုပ်၏ အဆက်မပြတ် ထိုးနှက် ပြစ်တင်ရှုံ့ချနေမှုကြောင့် ဘိုးတော်သိကြား၏ မျက်နှာ သည် မန်ကျည်းမှည့်ရောင် သန်းလာခဲ့ချေပြီတမုံ့။ (၃) “ဒီမယ် ဦးမောင်ဒင်၊ တော်ရုံကောင်းတယ်နော်။ လိုတဲ့ဆုသာ တောင်း၊ မပြည့်တော့မှ ကျုပ်ကို အပြစ်တင်၊ ဟုတ်ပြီနော်။” “သြ။ ဒီလိုကြေးလား။ ခင်ဗျားက ခပ်ပြတ်ပြတ်ပြောတော့ ကျုပ်ဖက်ကလည်း တိုတိုပြတ်ပြတ် ပြောရတာပေါ့ဗျာ။ လူထုအတွက် ထွန်ယက်လုပ်ကိုင်စားသောက်ဖို့၊ နေဖို့ထိုင်ဖို့ မြေကွက်တွေ လိုတယ်။ နောက်တချက်က လာမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ချင်တယ်။ ဒါပါပဲဗျာ။” “အိုကေ ကိုဒင်ကြီး။ ဒီလိုဆိုရင်ဖြင့် မြေကွက်လိုချင်သူတွေစာရင်းကို ခင်ဗျားကိုယ်တိုင် စာရင်းကောက်ပြီး ကျုပ်ဆီပို့ လိုက်ပေတော့။ ခင်ဗျားတောင်းတဲ့ဆုနဲ့ တလုံးတဝတည်း ပြည့်ရမယ်ဆိုတာ ကျုပ်ရဲရဲကြီး အာမခံတယ်။” “ခင်ဗျားဟာလေ။ ပြောတော့လည်း မခံချင်ဘူး။ ကျုပ်က မြေကွက်လိုချင်တဲ့လူစာရင်း ကောက်ပြီး၊ သို့။ သိကြားမင်း၊ တာဝတိံသာဆိုတဲ့လိပ်စာနဲ့ စာတိုက်ကနေ ပို့ရမှာလား။ လူကို အချဉ်မှတ်နေသလားဟင်။” “အလိုက်တဲ့ မောင်ဒင်၊ အီလက်ထရောနစ်ခေတ်ကြီးမှာ စာပို့တာ စာတိုက်လိပ်စာ မလိုတော့ဘူး ငတုံးရဲ့။ [email protected] ဆိုရင် ရပြီ။ မြန်မြန်သာ ပို့လိုက်ပေတော့။” “ဒါဖြင့် ရွေးကောက်ပွဲကိစ္စကကောဗျာ။” “အတော်လျှာရှည်တဲ့မိကျောင်းသားပါကလား။ မေးလ်ပို့မှာသာ ပို့လိုက်။” စိတ်တိုနေဟန်ရှိသော သိကြားမင်းသည် ကျွန်ုပ်၏ ကုတင်ဘေးစားပွဲပေါ်မှ စက္ကူစုတ်တရွက်ကို ဖျတ်ကနဲ လှမ်းယူကာ သူ၏ အီးမေးလ်လိပ်စာကို ကတိုက်ကရိုက် ရေးချလိုက်ရင်း စကားစ မြန်မြန်ဖြတ်ကာ၊ ကျွန်ုပ်အပါးမှ ရုတ်ခြည်းပျောက်ကွယ်သွားခဲ့ရာ သင်၏အမြီးနဲ့ ဖုန်လုံးကိုပင် မမြင်လိုက်ရတော့ချေ။ နောက်တနေ့ နံနက် လက်ဖက်ရည်ဝိုင်းတွင် ကျွန်ုပ်နဲ့ သိကြားမင်း တွေ့ဆုံခဲ့သည့်အကြောင်းကို တပည့်ကျော်များ ဖြစ်သော လေမင်းသား၊ ကပ္ပလီနဲ့ ဖေကြည်တို့အား အသေးစိတ်ပြောပြမိရာ စကားအစ၌ မယုံချင်ကြသော်လည်း ဘိုးတော်သိကြား၏ ထူးဆန်းသောပဲပင်ပေါက်သဏ္ဌာန်လက်ရေး စက္ကူစုတ်ပေါ်မှ အီးမေးလ် လိပ်စာကို မြင်ကြသည့် အခါတွင်မူ သင်းတို့လည်း မြေကွက်ရလိုကြောင်း အားတက်သရော စာရင်းပေးသွင်းကြကုန်၏။ ထို့ပြင်တဝ တပည့်ကျော်တို့သည် ဘယ်နိုင်ငံဘယ်မြို့က ဘယ်မြေကွက်ကို ပေးလေမည့်မသိ အူကြောင်ကြောင်သတင်းစကားကို ဇာတိ နိုင်ငံတွင်းရှိ ဆွေတော်ရှစ်သောင်း၊ မျိုးတော်အပေါင်းတို့ထံ ဖုန်းဆက်အကြောင်းကြားကြရာမှ အစိုးရမင်းများ၏ နားတော်သို့ ဒုတ်ဒုတ်ထိ ပေါက်ကာ ကျွန်ုပ်မှာ အရူးမီးဝိုင်းသလို အခက်ကြုံရလေတော့သည်။ (၄) “ဟယ်လို၊ ဖူးခက်က ဆြာဒင်လား။” “ဟုတ်ကဲ့ပါ” “ဟုတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးကပါ။ အဘကြီး ဆက်ခိုင်းလို့ပါ” “ဟုတ်ကဲ့၊ ဘာကိစ္စများပါလိမ့်။” “သြော်၊ ဆြာဒင်မြေကွက်တွေ ဝေခြမ်းရေးလုပ်နေတယ်ဆိုလို့။ အဲဒါ အဘကြီးရယ်၊ အဘကြီးရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက် တယောက်ကို ဗွီအိုင်ပီအကွက် ၄၊ ၅ ကွက်စီလာက် လိုချင်လို့ပါ။” “ဗျာ။ ဒါက ဒီလိုရှိပါတယ် မောင်ရင်။ မြေကွက်ဝေခြမ်းရေးလုပ်တယ်ဆိုတာ…” “ဒီလိုတွေ ဟိုလိုတွေ ပြောမနေပါနဲ့ဗျာ။ တပ်ချုပ်ကြီးကိုယ်တိုင် ပြောနေတယ်ဆိုရင် ခင်ဗျားကြီး သဘောပေါက်သင့်တယ်။” “ပေါက်တော့ ပေါက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ နည်းနည်းရှင်းပြ၊ ရှင်း..၊ ရှင်း” “ကျနော်တို့ စစ်တပ်မှာ ဒါပေမဲ့ဆိုတာ မရှိလို့ပါ။ ဒါပဲနော်။” (ဂွတ်) “ဟယ်လို” “ဟုတ်ကဲ့ပါ။” “နေပြည်တော်သမ္မတကြီးရဲ့ ရုံးကပါ။” “ဟုတ်ကဲ့” “ဗွီအိုင်ပီမြေကွက်တွေ ခွဲဝေပေးနေတယ်ဆိုလို့ အဘရယ်၊ အဘရုံးက ဝန်ကြီးတွေရယ် အတွက် တယောက် ၃ ကွက်စီလောက် စာရင်းပေးချင်လို့ပါ။” “ဒီကိစ္စဟာ ဒီလို ရှိပါတယ်။ မြေကွက်တွေပေးဖို့ စာရင်းကောက်နေတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့၊ဒီ..၊ဒီ” “အေးဗျာ။ ကျနော်လည်း တာဝန်အရ ဆက်တာပါ။ ခင်ဗျား မြန်မာပတ်စ်ပို့ ကိုင်ထားတယ် ဆိုတာ မမေ့နဲ့နော်။” (ဂွတ်) (၅) အဆက်မပြတ် ၀င်လာနေသည့် တယ်လီဖုန်းတို့ကို အမျှင်မပြတ် ဆက်တိုက် နားထောင်နိုင်ရန်အလို့ငှာ ကျွန်ုပ်သည် နားရွက်နဲ့ တယ်လီဖုန်းကို သားရေကြိုးဖြင့် ပူး၍ ချည်ထားလိုက်ရ၏။ ကာချုပ်ရုံး၊ သမ္မတရုံး၊ လွှတ်တော်ပေါင်းစုံ၊ ဗိုလ်ချုပ်ဟောင်းဝန်ကြီး၊ ဗိုလ်ချုပ် အမတ်မင်းစသော အာဏာလက်ကိုင်ရှိ လူကြီးလူကောင်းအပေါင်းတို့ထံမှ အိုဗာဆီးကော်လ် တွေချည်း ဆက်တိုက်ဝင်နေသည်မှာ ကျွန်ုပ်အဖို့ ထမင်းစားချိန်ဖို့ မဆိုထားဘိ၊ ရေပင် ဖြောင့်အောင်သောက်ချိန်မရသည့်အပြင် ယားယံသည့်တင်ပါးကိုပင်လျှင် အားလပ်မှ စိမ်ပြေနပြေ ကုတ်ရန် ထုံးဖြင့်တို့မှတ်ထားရချေသည်။ ဝင်လာသမျှ တယ်လီဖုန်းတို့မှာ မြေကွက်ကိစ္စချည်းပင်ဖြစ်၏။ မြေကွက်တောင်းခံသည်လေသံမှာလည်းအ ထက်စီးမှ အာဏာ၊ ပါဝါသံပေါက်နေသော်ငြား၊ ဒင်းတို့နဲ့ မကင်းနိုင်လေသည်မို့၊ အောင့်အီးသည်းခံကာ၊ ခဲတံတို တချောင်းကို တံတွေးဆွတ်ရင်း ရေးမှတ်နေရချေသည်။ အကြောင်း ၃ ပါး မရွေးသည့် နဂါးမျက်စောင်းထက်ပင် တန်ခိုးရှိန်စော် အာနုဘော်ကြီးမားလှသည့် အစိုးရမင်းတို့၏ သြဇာအာဏာကို ကျွန်ုပ်ကဲ့သို့ ငပါမွှားအနေဖြင့် အဘယ်မှာလျှင် လွန်ဆန်နိုင်ပါအံ့နည်း။ မြေကွက်အလိုရှိသည့် အာဏာရှိ ပုဂ္ဂိုလ်အသီးသီး၏ အမည်စာရင်းကို ပထမဦးစားပေးအနေဖြင့် ရေးချလိုက်ရာ ဂျီမေးလ်မှ ခွင့်ပြုသည့် ၂၅ ဂစ်ဂါဗိုက် ကျော်လွန်သွားလေရာ ကျွန်ုပ် တပည့်ကျော်များနဲ့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် တမာပင်ကုန်းကျေးရွာမှာ မြေယာကျူးကျော်မှုဖြင့် ထောင်ကျခံရလေသော အသက် ၈၀ ကျော် အဘွားအိုဒေါ်တင်လှိုင်၏အမည်တို့ကိုပင် ဖြုတ်ထားရစ်ခဲ့ရသောဟူ၏။ (၇) ထူးဆန်းအံ့သြဖွယ်ကောင်းလေစွ။ သိကြားမင်း ပေးထားရစ်သော ဂျီမေးလ်လိပ်စာအတိုင်း မေးလ်ပို့အပြီး ချက်ချင်း ဆိုသလိုပင် ကျွန်ုပ်၏မေးလ်လိပ်စာသို့ သိကြားမင်းထံမှ ပြန်ကြားစာ ရောက်ရှိလာခဲ့လေရာ ယင်းစာမှာ အောက်ပါအတိုင်း ဖြစ်လေ၏။ သို့ ကိုဒင်ကြီး ၁။ ခင်ဗျား စကားကြီးစကားကျယ်တွေ လျှောက်ပြောတော့ ကျုပ်ဖြင့် အဟုတ် မှတ်လို့။ လက်စသတ်တော့ ခင်ဗျားက သူတော်ကောင်း ယောင်ဆောင်လိုက်တာကိုး။ ခင်ဗျားကော ဘာထူးလို့တုန်း။ ခင်ဗျားမြေကွက်တောင်းတဲ့လူစာရင်းကို ဂူဂဲလ်မှာ လုပ်ကြည့်လိုက်တော့ အကုန် လူမသမာတွေချည်းပဲ။ ၂။ အခု ငရဲပြည် ၆ ထပ်မှာ သူတို့အတွက် ၅ စက္ကန့် သက်တမ်းရှိတဲ့ဂရန်နဲ့ မြေကွက် ၁ စတုရန်းဂါဝုတ်စီချ ထားပေးလိုက်ပြီ။ ဆီပူအိုးထဲ ထည့်မကြော်ခင် ကြည့်ခွင့်ရသွားကြမှာပါ။ မြေပုံမြေရာဇဝင် အမြန်ဆုံးထုတ်ယူဖို့ အကြောင်းကြားလိုက်ပါ။ သူတို့မြေကွက်တွေ မြန်မြန်လာလက်ခံလိုက်ရင် ခင်ဗျားလိုချင်တဲ့ဆုတွေ အကုန်ပြည့်ပြီပေါ့။ ၃။ ဒီကိစ္စနဲ့ ပတ်သက်လို့ ခင်ဗျားအနေနဲ့ သတင်းစာမျက်နှာ တွေမှာ ပြက်ချော်ချော် လုပ်ပြီး သရော်စာရေးတာကို ဖတ်မိတဲ့ အစိုးရဘက်က လူတွေအနေနဲ့ ခင်ဗျားကို ကွန်မြူနစ် အမာခံကေဒါအဖြစ် စာရင်းသွင်းကြလိမ့်မယ်။ ခင်ဗျားအတွက်က ဘာပြဿနာမှ မရှိပေမဲ့ ကျုပ်နာမည် ပါနေရင် ကွန်မြူနစ်သိကြားမင်းဆိုပြီး ယုန်ထင်ကြောင်ထင် ဖြစ်မဲ့ကိစ္စကိုတော့ ခင်ဗျား သတိပြု စေချင်တယ်။ ။ တော်သေးပြီ။ ကတိတည်စွာဖြင့် မာဃ သိကြားမင်း တာဝတိံသာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024