ချီလီရှိ ကယ်ဘူကိုမီးတောင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်၊ ထပ်မံပေါက်ကွဲနိုင်ဟု အာဏာပိုင်များ သတိပေး (ရုပ်သံ)

ချီလီနိုင်ငံတောင်ပိုင်းက ကယ်ဘူကိုမီးတောင်ဟာ ပြီးခဲ့တပတ်က အပြင်းအထန် ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့ပြီးနောက် ထပ်မံ ပေါက်ကွဲမှုတွေ ဖြစ်နိုင်သေးတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ချီလီအာဏာပိုင်တွေ သတိပေးထားပါတယ်။ လောလောဆယ် ငြိမ်နေတဲ့အချိန်မှာ ချီလီနဲ့ အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံတွေက လေဆိပ်တွေကို ပုံမှန် ပြန်လည်ဖွင့်လှစ်ထားပြီး ဒေသခံတွေလည်း သူတို့ရဲ့ နေအိမ် အပျက်အစီးတွေကို ပြန်လည်ရှင်းလင်းနေကြပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပတ်ဝန်းကျင်က ဒေသခံ ၆ ထောင်ကျော်ကို ကယ်ဆယ်ခဲ့ရတာပါ။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်က  မီးတောင်ပြာမှုန့် တန်ချိန် သန်း ၂၁၀ ကို လေထဲ မှုတ်ထုတ်ခဲ့နိုင်တယ်လို့ မီးတောင်ကျွမ်းကျင်သူတွေက ခန့်မှန်းကြပြီး အပြင်းအထန် ပေါက်ကွဲခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ကောင်းကင်အမြင့် ၁၂ မိုင်အထိ ပြာတွေ ရောက်ရှိခဲ့တာပါ။ မီးတောင်ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးရတဲ့ဒေသခံတွေကို အပြည့်အ၀ ထောက်ပံ့ကြေး ပေးမယ်လို့ ချီလီအစိုးရက ဧပြီ ၂၆ ရက်နေ့က ကတိပြုထားပါတယ်။ ဒေသတွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတဦးက အခုမှ အိမ်အပျက်အစီးကို လာရောက် ကြည့်ရှုနိုင်ပြီး နေအိမ်နဲ့ လုပ်ငန်းတွေ တော်တော်ကို ပျက်စီးသွားလို့ စိတ်အတော်ကို ညစ်သွားတယ်လို့ ပြောဆိုပါတယ်။ မီးတောင်နဲ့ အလွန်နီးကပ်တဲ့အိမ်တွေကတော့ အိမ်ခေါင်မိုးပေါ် မီးတောင်ပြာမှုန့်တွေ ပုံကျခဲ့တဲ့ဒဏ်ကို မခံနိုင်လို့ ပြိုကျပျက်စီးကုန်ပါတယ်။ ကယ်ဘူကိုမီးတောင်ဟာ ချီလီနိုင်ငံရဲ့ တောတောင်ရှုခင်းတွေနဲ့ လှပပြီး ခရီးသွားလုပ်ငန်းနဲ့ ကျော်ကြားတဲ့ လော့စ် လာဂို့စ်ပြည်နယ်မှာ တည်ရှိပါတယ်။ ချီလီအစိုးရ သတ္တုတွင်းနဲ့ ဘူမိဗေဒဌာန အရာရှိချုပ်ကတော့ နောက်ဆက်တွဲ မီးတောင်လှုပ်ရှားမှုတွေဟာ ရက်သတ္တပတ်နဲ့ ချီပြီး ကြာနိုင်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ ချီလီနိုင်ငံမှာ မီးတောင် အလုံး ၅၀၀ ကျော် ရှိပြီး အဲဒီထဲက အလုံး ၉၀ လောက်ကတော့ လက်ရှိ လှုပ်ရှားနေတဲ့ မီးတောင်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းကလည်း ချီလီနိုင်ငံမြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး နိုင်ငံတောင်ပိုင်းမှာတော့ တောမီး အကြီးအကျယ်လောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up