နီပေါငလျင်ကြောင့် သေဆုံးသူ ၂၅၀၀ ကျော်ရှိ၊ နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်

ဧပြီလ ၂၅ ရက်နေ့ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ နီပေါငလျင်ကြောင့် သေဆုံးသူ ၂၅၀၀ ကျော်ရှိသွားပြီလို့ နောက်ဆုံးရရှိခဲ့တဲ့ အတည်ပြုပြီးသတင်းတွေအရသိရှိရပြီး နောက်ထပ် တိုးနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ စုစုပေါင်း ၂၅၀၀ ကျော် သေဆုံးခဲ့တဲ့အထဲမှာ မြို့တော် ကက်သမန်ဒူမှာ သေဆုံးသူ ၃ ချိုး တချိုးလောက်ပါဝင်ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြပြီး ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ငွေကြေးထောက်ပံ့ကူညီမှုတွေနဲ့ ဆေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်နေကြ ပါတယ်။ အခုအချိန်ဟာ နီပေါမှာ တောင်တက်ရာသီဖြစ်လို့ ကမ္ဘာ့လှည့်ခရီးသွား သုံးသိန်းလောက်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ငလျင်အရှိန်ကြောင့် ဧ၀ရတ် တောင်ပေါ်မှာလည်း နှင်းထုပြိုဆင်းခဲ့လို့ အနည်းဆုံး ၁၇ ယောက် သေဆုံးခဲ့ပါတယ်။ မြို့တော် ကက်သမန်ဒူးမှာ အဆောက်အဦတွေ ပြိုကျသွားတဲ့အထဲမှာ ၁၉ ရာစုက တည်ဆောက်ခဲ့တဲ့ ပေ ၂၀၀ မြင့်တဲ့ ဒါရာဟာလာ နာရီစင်လည်းပါဝင်ပါတယ်။ ပြင်းအား ၇ ဒသမ ၉ ရှိတဲ့ ဒီငလျင်ဟာ နိုင်ငံမြို့တော်ရဲ့ အရှေ့ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ ပိုခါရာ မြို့ငယ်ကို ဗဟိုပြုပြီး နီပေါမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ငလျင် လှုပ်ခတ်မှုအရှိန်ကို ဒေလီမြို့အပါအ၀င် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ၊ တိဘက်ဒေသ၊ ဘင်္ဂလားဒေ့ရှ်တို့ အထိ ခံစားရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အိန္ဒိယ မြောက်ပိုင်းမှာ အနည်းဆုံး ၆၈ ဦးယောက်သေဆုံးခဲ့ပြီး၊ တိဘက်ဒေသမှာ ၂၀ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ၄ ယောက်လည်း သေဆုံးခဲ့အတွက် ငလျင်ကြောင့် သေဆုံးသူအနည်းဆုံး ၂၆၀၀ လောက်ရှိသွားပါပြီ။ အမေရိကန် ဘူမိဗေဒဌာနရဲ့ အဆိုအရ ငလျင်ဟာ မြေအောက် ၂ မိုင် အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့တာကြောင့် အထက်မြေပြင်နဲ့ အလွန်နီးစပ်ပြီး ပြင်းထန်တယ်လို့ သတ်မှတ်ပါတယ်။ ငလျင်ကြီးလှုပ်ပြီးနောက်မှာလည်း ၆ ဒသမ ၆ နဲ့ ၅ ဒသမ ၁ ရှိတဲ့ နောက်ဆက်တွဲ ငလျင်နှစ်ခုလည်း ဆက်လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူတွေဟာ ငလျင်ဒဏ်ကို ကြုံခဲ့ပြီးနောက်အိမ်ပေါ်မှာ မနေရဲတော့ဘဲ ဧပြီလ ၂၆ ရက် တနင်္ဂနွေနေ့ညမှာလည်း ဒုတိယမြောက်နေ့ အိမ်ပြင်မှာပဲ ညအိပ်ခဲ့ကြပါတယ်။ နီပေါမှာ ၂၀၁၁ ခုနှစ်ကလည်း အားပြင်းတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး လူအနည်းဆုံး ၅ ယောက်သေဆုံးခဲ့ဖူးပါတယ်။ ၁၉၈၃ ခုနှစ်က ၈ ဒသမ ၃ ပြင်းအားရှိတဲ့ ငလျင်ကတော့ အဆိုးရွားဆုံးခဲ့ဖြစ်ပြီး လူ ၈၅၀၀ သေဆုံးခဲ့ဖူးပါတယ်။ [gallery ids="90608,90609,90610,90611,90612"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up