Home
မြန်မာသတင်း
ရိုးရာ စက္ကူ အရုပ်လုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာ
DVB
·
April 26, 2015
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ စက္ကူနဲ့အခြေခံလုပ်ရတဲ့  မြန်မာ့ရိုးရာ ဖိုးဝရုပ် ဇီးကွက်ရုပ်နဲ့ ပစ်တိုင်းထောင် စတဲ့ အရုပ်လုပ်ငန်း လုပ်ကိုင်သူတွေ နည်းပါးလာနေတယ်လို့ ရိုးရာ အရုပ် လုပ်ကိုင်သူတွေက ပြောပါတယ်။ စစ်ကိုင်းမြို့အနောက်ပိုင်း တဲကြီးတိုက်နယ်အတွင်းက ဂုံညှင်းတောင်ရပ်ကွက်၊ ကနားတော် ရပ်ကွက်နဲ့ ညောင်ကုန်း အရှေ့ရပ်တွေမှာ ဒီအရုပ်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြ သလို  ပခုက္ကူဘက်မှာလည်း လုပ်ကိုင်ကြသူ အနည်းအကျဉ်းရှိပါတယ်။ စစ်ကိုင်း ဂုံညှင်းတောင်ရပ်ကွက်မှာ စက္ကူအရုပ်လုပ်ငန်းလုပ်ကိုင်တဲ့ ဒေါ်သန်းမာကတော့ လက်ရှိရပ်ကွက် ထဲမှာ ဒီလုပ်ငန်း လုပ်ကိုင်သူတွေ နည်းလာတာပြီး အယောက် ၂၀ လောက်ပဲရှိတော့တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံထုတ် ပလတ်စတစ်အရုပ်တွေ ဈေးပေါပေါနဲ့ ပြည်တွင်းဈေးကွက်ကို လှိမ့် ၀င်လာတာဟာလည်း ပြည်တွင်း ရိုးရာအရုပ်လုင်ငန်းဈေးကွက် ထိခိုက်ရတဲ့အကြောင်းရင်း တခုဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ရိုးရာအရုပ်တွေဟာ ပြည်တွင်းဈေးကွက်မှာ ရာသီချိန်အလိုက် ရောင်းချရတဲ့ ဈေးကွက်ဖြစ် သလို ဒီနေ့ ခေတ်မှာ ကလေးကစားစရာ ဈေးကွက်ထဲကို  တရုတ်နိုင်ငံထုတ် အရုပ်တွေဝင် လာပေမယ့် မြန်မာအရုပ်တွေ  အရောင်းအဝယ် သိပ်မအေးပဲ ပုံမှန် ဝယ်ယူသူတွေ ရှိနေသေးတယ်လို့ စစ်ကိုင်းမြို့က ရိုးရာအရုပ်လုပ်တဲ့ မ၀ါဝါကပြောပါတယ်။ “ကလေးပစ္စည်းတွေ တရုတ်ပစ္စည်းတွေ ဘယ်လိုပဲပေါပေါ ဇီးကွက်ရုပ်တို့၊ ဖိုးဝရုပ်တို့၊ ပစ်တိုင်းထောင်ရုပ်တို့က အမြဲတမ်းလုပ်နေရတာမျိုးပါ။  သီတင်းကျွတ်နဲ့ ၀ါဆိုဝါခေါင်က အများဆုံးပါ၊ တပေါင်းလည်း အများဆုံး လုပ်ရတယ်၊  ကြားရက်တွေကြတော့လည်း လုပ်နေရ တာပဲ ဟိုလိုမျိုး တအားကြီးသာမလုပ်ရတာ၊  မနားရဘူး အမြဲတမ်းတော့လုပ်နေရတာပဲ။” ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်ရုပ်တွေကို အရွယ်အစားသုံးမျိုးလုပ်သလို  ဖိုးဝရုပ်ကိုတော့ ဟန်ပန်ပုံစံ ၄ မျိုးလောက်နဲ့ အသေးဆုံး ၂ လက်မလောက်ကစပြီး အရွယ် အစားမျိုးစုံ ထုတ်လုပ်ကြပါတယ်။ အရုပ်တစ်ရုပ်ကို ပုံကြမ်းလောင်းစက္ကူကပ်တာကနေ နောက်ဆုံး ဆေးချယ်တဲ့ အဆင့်အထိ ၄  ရက်ကြာလောက် အချိန်ယူရပြီး လေးရက်အတွင်း ပျမ်းမျှ အရုပ် ၇၀၊ ၈၀လောက် ပြီးစီးပါတယ်။ ဒီအရုပ်တွေကို မန္တလေးက မဟာမုနိဘုရားကြီးကို အဓိကပို့ပေးရပြီး မြန်မာနိုင်ငံအနှံ့က တန်ခိုးကြီး ဘုရားတွေရဲ့ပွဲတော်တွေမှာ ဈေးလိုက်ရောင်းကြတဲ့ ၁၂ ပွဲဈေးသည်တွေကလည်း ပြန်လည်ရောင်းချဖို့ လာရောက်ဝယ်ယူကြတာပါ။ စက္ကူအရုပ်လုပ်ငန်းလုပ်ကိုင်တဲ့ ဒေါ်သန်းမာက “မဟာမြတ်မုနိဘုရားကြီးကိုတော့ အများဆုံးပို့ပါတယ်။ ၁၂ ပွဲတွေ လှည့်ရောင်းတဲ့ ဖောက်သည်တွေကိုလည်း ပေးပါတယ်။ ကိုယ်တိုင်တော့ ကျမက လိုက်မရောင်းဖြစ်ဖူးပေါ့လေ၊ တခြားသူတွေကတော့ လိုက်ရောင်းကြပါတယ်၊ ၁၂ ပွဲဈေးတွေကို” လို့ပြောပါတယ်။ မြန်မာ့ရိုးရာအရုပ်လုပ်ငန်း လုပ်ကိုင်နေသူတွေကတော့ နှစ်ပေါင်း ရာချီခဲ့တဲ့ သူတို့မိသားစု လုပ်ငန်းတွေအဖြစ် ဆက်လက် လုပ်ကိုင်နေမှာဖြစ်ပြီး ဒီလုပ်ငန်းလုပ်သူ နည်းပါးသွားပေမယ့်  တိမ်ကော ပပျောက်သွားဖို့ မဖြစ်နိုင်သေးဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024