အာဆင်နယ်-ချဲလ်ဆီး ပွဲကြို ခန့်မှန်းချက်

ဧပြီ ၂၆ ရက်ညမှာတော့ ပရီးမီးယားလိဂ်က ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါ တယ်။ အာဆင်နယ် အဲမရိတ်ကွင်းမှာ ကစားရမယ့် ဒီပွဲစဉ်ဟာ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ၃၃ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ နံပါတ် ၁ နဲ့ ၂ နေရာ ရပ်တည်နေတဲ့ အသင်းတွေ ဆုံတွေ့ကြတာဖြစ်သလို အမှတ်ကွာဟချက်တွေနဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲရေး စကားပြောလာနိုင်တဲ့အတွက် တစုံတရာ အမှားယွင်းခံလို့ ရမယ့် အနေအထားမှာတော့ မရှိပါဘူး။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒီ ၂ သင်းရဲ့ ပွဲစဉ်ဟာလည်း ပရီးမီးယားလိဂ် ဘောလုံး ပရိသတ်တွေ ကြည့်ရှုဖို့ မျှော်လင့်အားခဲ ထားတဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ ဒီအသင်း ၂ သင်းရဲ့ နည်းပြတွေဖြစ်တဲ့ မော်ရင်ဟိုနဲ့ အာဆင်ဝင်းဂါးတို့ကလည်း တယောက်နဲ့ တယောက် အကြိတ် အခဲတွေ ရှိထားသလို စကားစစ်ပွဲတွေ မကြာခဏ ဆင်နွှဲလေ့ရှိတဲ့အတွက် အရှုံးမပေးရအောင် ကစားမယ့်ဗျူဟာကို အကောင်းဆုံး ရွေးချယ်ကြမှာကလည်း အသေအချာပါ။ အာဆင်ဝင်းဂါးနဲ့ ရင်ဆိုင်ရတဲ့ ပွဲတိုင်းမှာ မော်ရင်ဟိုကဘယ်တော့မှ မရှုံးခဲ့ဖူးပါဘူး။ ဒီအတွက် ဒီသမိုင်းကြောင်းကို ၀င်းဂါးက ချိုးဖျက်နိုင်ဖို့ အတွက် ဒီကနေမှာ အခွင့်အရေး ထပ်ရထားပါတယ်။ အသင်းကြီးတွေ ဆုံတွေ့ကြတဲ့ပွဲတွေမှာ ကစားတဲ့အတိုင်း ဘောလုံးကို ထိန်းကစားမယ်ဆိုရင်တော့ ပွဲက အနည်းငယ် လေးသွားနိုင်တဲ့ အတွက် ကြည့်ကောင်းမယ်လို့ မျှော်လင့်ထားတဲ့ ပရိသတ်တွေ ဒီတချက်ကို အလေးထားစေချင်ပါတယ်။ အာဆင်နယ်နဲ့ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်သမိုင်းကြောင်းကို ပြန်ကြည့်ရင် ချဲလ်ဆီးနဲ့ တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် သာမက တခြားဘောလုံးပြိုင်ပွဲအားလုံးရဲ့ နောက်ဆုံး ၄ ပွဲမှာ အာဆင်နယ်က တဂိုးမှမသွင်းယူနိုင်ခဲ့ပါဘူး။ ဒါအပြင် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးနဲ့ ကစားတဲ့ နောက်ဆုံး ၁၂ ပွဲမှာ အာဆင်နယ်က ၂ ပွဲနိုင် ၂ပွဲသရေ ၈ ပွဲရှုံးထားပါတယ်။ ၂၀၁၀ ပြည့်နှစ်ကပဲ အိမ်ကွင်းမှာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ နောက်ဆုံးအကြိမ် ချဲလ်ဆီးနဲ့ အာဆင်နယ် ဆုံတွေ့စဉ်မှာတော့ ချဲလ်ဆီးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားထားပါတယ်။ ဒီကနေ့ပွဲမှာတော့ အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားတဲ့ အတွက် အာဆင်နယ်နောက်ခံလူ မာတီဆက်ကာ ပါဝင်ဖို့ကတော့ ၅၀ ရာခိုင်နှုန်းရှိတယ်လို့ သတင်းတွေမှာ ရေးပါတယ်။ ဒါအပြင် အာဆင်နယ်က မစ်ခေလ်း အတီတာနဲ့ ချိန်ဘာလိန်တို့ကလည်း ဒဏ်ရာတွေ ရထားတဲ့ အတွက် ဒီပွဲကို ကစားနိုင်ဖို့ မသေချာဘူးလို့ ဆိုပါတယ်။ ချဲလ်ဆီးကတော့ ဒဏ်ရာကနေ ပြန်လည် နာလန်ထလာတဲ့ တိုက်စစ်မှူး ကော်စတာကို အရဲစွန့်သုံးမလားဆိုတာ ကတော့ စောင့်ကြည့်ရဖို့ ရှိနေသလို တိုက်စစ်မှူး ရမ်မီကလည်း ဒဏ်ရာရထားတဲ့ အတွက် ဒီပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ဇန်န၀ါရီ လလယ်ပိုင်းကနေစပြီး  နိုင်ပွဲအတော်များများမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားထားတယ် ဆိုတဲ့ အချက်ကို ဘောလုံးပွဲသုံးသပ်သူတွေကတော့ ထောက်ပြနေပါတယ်။ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲ ၉ ပွဲအနိုင်ရခဲ့ပြီး ဖိုင်နယ်ကို တက်ရောက်လာသလို ဒီကနေ့ပွဲမှာ အနိုင်ရဖို့ အတွက် အလားအလာအရှိဆုံး ဖြစ်နေတယ်ဆိုတာကို ဘယ်သူလောင်း ရဲသလဲလို့ ဘောလုံးပွဲ သုံးသပ်သူတွေက မေးခွန်းထုတ်ထားပါတယ်။ ချဲလ်ဆီးကလည်း အာဆင်နယ် ပျော့ကွက် ဘယ်မှာ ရှိသလဲဆိုတာကို သိထားသလို ချက်ကောင်းကို စောင့်ပြီး စိတ်ရှည်လက်ရှည်နဲ့ ကစားတတ်တဲ့ အသင်းဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့ ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)ကတော့ ၂ သင်းစလုံးက ခြေမကွာသလို ပထမနဲ့ ဒုတိယအသင်းတွေ ဖြစ်နေတဲ့ အတွက် အမှတ်ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ “တယောက်ကရှုံးရင် နောက်ကလူတွေက အပေါ်ကို တက်လာမယ်၊ သူတို့ သရေကျရင် အောက်ကို ထိန်းထားနိုင်မယ်၊ နိုင်ခြင်း နိုင်ရင် အာဆင်နယ်ကို ချဲလ်ဆီးနိုင်ဖို့ များတယ်” လို့ ခန့်မှန်းပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်မှာ မန်စီးတီး၊ အက်အေဖ်ဖလားမှာ မန်ယူတို့နဲ့ ကစားရာမှာ သူတို့ရဲ့ စတိုင်ကို ပြောင်းလဲနိုင်ခဲ့ပေမယ့် ဒီကနေ့ပွဲမှာတော့ အာဆင်နယ်က အိမ်ကွင်းမှာ သူတို့ ကစားတဲ့ ပုံစံအတိုင်း ကစားမှာလို့ ဘောလုံးပွဲစဉ်တွေကို ခန့်မှန်းတဲ့ လော်ရိုက သုံးသပ်ပါတယ်။ ဒါအပြင် ဒီပွဲစဉ် ရလဒ်ကတော့ သရေ ကျမယ်လို့ သူက ခန့်မှန်းပါတယ်။ စကိုင်းစပေါ့က အားကစားကလောင်ရှင် ပေါလ်မာဆန်ကလည်း ချဲလ်ဆီးဟာ ရှေ့တန်း တိုက်စစ်မှူး ကော်စတာကို မှီခိုနေရသလို သူမရှိရင် ဂိုးမသွင်းနိုင်တဲ့ အချက်ကို ထောက်ပြပါတယ်။ ဒါအပြင် မော်ရင်ဟိုက အာဆင်နယ်ကွင်းမှာ သွားကစားရင်တော့ မရှုံးအောင်တော့ ပြင်ဆင်လာမှာ ဖြစ်တဲ့ အတွက် ဒီပွဲဟာ သရေကျမယ်လို့ ခန့်မှန်းပါတယ်။ တကယ်လို့ အာဆင်နယ်သာ အနိုင်ရခဲ့မယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အကျိုးအမြတ်ကို ခံစားရမှာ ဖြစ်သလို ချဲလ်ဆီးက အနိုင်ရခဲ့မယ်ဆိုရင်တော့ လက်စတာ စီးတီးအသင်းနဲ့ ကစားပြီးရင်တော့ ပရီးမီးယားလိဂ် ဖလားကို ၂၀၁၀ နောက်ပိုင်း ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up