ငှက်ဖျားရောဂါ ကာကွယ်ဆေး စမ်းသပ်မှု နောက်ဆုံးအဆင့် ရောက်ရှိ

ကမ္ဘာ့ ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေးကို စမ်းသပ်နေတာ နောက်ဆုံး အဆင့်ကို ရောက်နေပြီး ၄ နှစ်လောက် အတိုင်းအတာတခုအထိ ကာကွယ်ပေးနိုင်မယ့် အလားအလားရှိတယ်လို့ ဆေးကုမ္ပဏီ GlaxoSmithKline (GSK) က ပြောပါတယ်။ အာရ်တီအက်စ်လို့ ခေါ်တဲ့ ထိုးဆေးဟာ အာဖရိကန်ကလေးငယ်တွေကို ငှက်ဖျားရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး စမ်းသပ်နေတာ နှစ်ပေါင်း ၃၀ ရှိပါပြီ။ သုတေသီ ဒေါက်တာ ဂရင်းဝုဒ်က ကာကွယ်ဆေးဟာ အချိန်ကြာလေ အာနိသင် လျော့ကျလေ ဆိုပေမယ့် ရောဂါကာကွယ်ရေးအတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။ ဆေးကုမ္ပဏီက ဆေးကို အတည်ပြုပေးဖို့ ၂၀၁၄ ခုနှစ် ဇူလိုင်လကတည်းက ဥရောပ ဆေးအဖွဲ့ကို တင်ပြထားပြီး မကြာခင် ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။ ဥရောပဆေးအဖွဲ့က ဆေးကို အသုံးပြုခွင့် လိုင်စင် ထုတ်ပေးလိုက်ရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဆီက အသုံးပြုခွင့် ထောက်ခံချက်လည်း အောက်တိုဘာလ လောက်မှာ ရနိုင်တယ်လို့ ဒေါက်တာ ဂရင်းဝုဒ်က ဆိုပါတယ်။ ဒီလို ခွင့်ပြုချက်ရခဲ့ရင် အာရ်တီအက်စ်ဆေးဟာ ပထမဆုံး တရားဝင် ငှက်ဖျားရောဂါ တိုက်ဖျက်ဆေး ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာ့မှာ ငှက်ဖျားရောဂါကြောင့် နှစ်စဉ် လူ ၆ သိန်းကျော် သေဆုံးနေရလို့ လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ ဆေးဝါး ဖြစ်လာပါလိမ့်မယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up