Home
မြန်မာသတင်း
မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အမေရိကန်ရုပ်သိမ်း
DVB
·
April 24, 2015
မြန်မာပြည်က ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်း ၂ ခုကို ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားတဲ့စာရင်းက ပယ်ဖျက်လိုက်ပြီလို့ အမေရိ ကန်နိုင်ငံခြားရေးဌာနက ဧပြီလ ၂၃ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။ ဦးဝင်းအောင်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း ၂ ခုကတော့ ဒဂုန်အင်တာနေရှင်နယ် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ဒဂုန်သစ်လုပ်ငန်းကုမ္ပဏီတွေဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာတော့ ဘဏ္ဍာရေးဌာနရဲ့ အထူးရွေးချယ် တားဆီးကန့်သတ်ထားတဲ့ နိုင်ငံသားနဲ့ လူပုဂိုလ်တွေစာရင်းကနေဖယ်ရှားလိုက်တာလို့ ဖော်ပြပါတယ်။ ဒါပေမယ့် ဦးဝင်းအောင်ကို ပစ်မှတ်ထားပိတ်ဆို့ထားတဲ့ စာရင်းမှာ ဘာကြောင့် ထည့်သွင်းခဲ့တယ် ဘာကြောင့် ဖယ်ရှားလိုက်တယ်ဆိုတာကိုတော့ အသေးစိတ်ရေး မထားပါဘူး။ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ မြန်မာပြည်တွင်းလူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်မှု စတာတွေ အပေါ် ပိတ်ဆို့ဒဏ်ခတ်ခံရသူနဲ့ သူ့လုပ်ငန်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ အပေါ်မူတည်ပြီး စားရင်းကနေ ဖယ်ရှားလိုက်တာလို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပုံစံကတော့ ဆက်ရှိနေ မယ့်အကြောင်းနဲ့ ပိတ်ဆို့ဒဏ်ခတ်မူဝါဒ ထပ်ပြောင်းမပြောင်းကတော့ အစိုးရရဲ့ ဒီမိုကရေစီရေးစီးပွားရေး ပြပြင်ပြောင်းလဲမှုတွေဆက်လုပ် မလုပ်နဲ့ တိုင်းရင်းသားအုပ်စုတွေနဲ့ မကျေလည်မှုတွေကို ပြေလည်အောင်ဖြေရှင်းမှုအပေါ်မူတယ်ဆိုတာ မြန်မာအစိုးရ ရှင်းရှင်းလင်းလင်း သိစေချင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာရီဟာ့ဖ်က ကြေညာချက်မှာ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024