ဓာတ်ငွေ့ဈေးကွက် ချယ်လှယ်မှုဖြင့် ရုရှားပိုင်စွမ်းအင်ကုမ္ပဏီကို ဥရောပကော်မရှင် တရားစွဲ

အရှေ့ဥရောပနဲ့ ဥရောပအလယ်ပိုင်းဒေသရှိ နိုင်ငံတွေမှာ ဓာတ်ငွေ့ဈေးကွက် ချယ်လှယ်မှုနဲ့ ရုရှားနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ ဂတ်ဇ်ပရွန်(Gazprom)ကို ဥရောပကော်မရှင်က ဧပြီ ၂၂ ရက်နေ့က တရားစွဲလိုက်ပါတယ်။ ဒီနိုင်ငံတွေဟာ ရုရှားသဘာဝဓာတ်ငွေ့ကို လုံးလုံးလျားလျား မှီခိုရတဲ့အပေါ်မှာ ဈေးနှုန်းကို ကြိုက်သလို ချုပ်ကိုင်ပြီး ဓာတ်ငွေ့ကို တဆင့်ပြန်မရောင်းနိုင်အောင်လည်း ကန့်သတ် ထားတယ်လို့ ဥရောပကော်မရှင်က စွပ်စွဲပါတယ်။ ဓာတ်ငွေ့ရောင်းတဲ့နေရာမှာလည်း နိုင်ငံတကာစံသတ်မှတ်ချက်၊ ၀ယ်ယူတဲ့နိုင်ငံတွေက တရားဝင် ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေကိုလည်း လေးစားလိုက်နာခြင်းမရှိဘူးလို့လည်း ကော်မရှင်က ဆိုပါတယ်။ ဒီစွပ်စွဲမှုတွေကို ဖြေရှင်းဖို့ ကို ဂတ်ဇ်ပရွန်ကုမ္ပဏီကို ရက်သတ္တပတ် ၁၂ ပတ် အချိန်ပေးထားတယ်လို့လည်း ကော်မရှင်က ပြောပါတယ်။ ဂတ်ဇ်ပရွန်ကုမ္ပဏီကတော့ ဒီစွပ်စွဲချက်တွေကို အဓိပ္ပာယ်မရှိဘူးဆိုပြီးတော့ ပယ်ချ ထားပါတယ်။ အီးယူနိုင်ငံ ၃ ချိုး၊ ၁ ချိုးဟာ ရုရှားသဘာဝဓာတ်ငွေ့အပေါ်မှာ လုံးဝမှီခိုနေရပြီး တင်သွင်းတဲ့ ဓာတ်ငွေ့တ၀က်ဟာလည်း ယူကရိန်းနိုင်ငံကို ဖြတ်သန်းပေးပို့နေတာပါ။ အရှေ့ဥရောပ၊ အလယ်ပိုင်းဒေသနဲ့ အနောက်ဥရောပနိုင်ငံတွေလို ဓာတ်ငွေ့ ၀ယ်ယူတဲ့နေရာမှာ ရွေးချယ်စရာ သိပ်မရှိလှတာကလည်း က ချုပ်ကိုင်စရာအကြောင်း ဖြစ်နေတယ်လို့လည်း သုံးသပ်သူတွေက ဆိုကြပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဥရောပကော်မရှင်မှာ ဂတ်ဇ်ပရွန်ကုမ္ပဏီတကမ္ဘာလုံးက ၀င်ငွေရဲ့ ၁၀ ရာခိုင်နှုန်း ဒဏ်တပ်နိုင်တဲ့ အခွင့်အာဏာရှိတယ်လို့ ဆိုပါတယ်။ ဒီစွပ်စွဲချက်ကြောင့် နဂိုကတည်းကမှ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဆက်ဆံရေး အဆင်မပြေဖြစ်နေတဲ့ ဥရောပသမဂ္ဂနဲ့ ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးပို ယိုယွင်းလာနိုင်ပါတယ်။ အခုလို စွပ်စွဲတရားစွဲနိုင်ဖို့ ဂတ်ဇ်ပရွန်ကုမ္ပဏီကို ၃ နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့တယ်လို့ ဥရောပကော်မရှင်က ပြောဆိုပေမယ့် ရုရှားနိုင်ငံကတော့ နိုင်ငံရေး ပါတယ်လို့ တုန့်ပြန်စွပ်စွဲထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up