လီဗာပူးကွင်းလယ်လူ ဟန်ဒါဆန် စာချုပ်သစ်ချုပ်ရန် နီးစပ်

1.5K
ကွင်းလယ်သမား ဂျော်ဒန် ဟန်ဒါဆန်ကို ၅ နှစ် စာချုပ်သစ် ချုပ်ဆိုနိုင်ရေးအတွက် သဘောတူညီချက် ရဖို့ နီးစပ်နေပြီလို့ လီဗာပူးအသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။
စာချုပ်သစ်မှာ ဟန်ဒါဆန်ဟာ လုပ်ခလစာအဖြစ် ၁ ပတ်ကို ပေါင် ၁ သိန်း ရမှာပါ။ ကွင်းလယ်သမားဟာ ဒီတပတ်အတွင်းမှာ စာချုပ်သစ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
သူရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နှစ် ဘောလုံးရာသီအကုန်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။
လီဗာပူးက အသက် ၂၄ နှစ်အရွယ် ဟန်ဒါဆန်ကို ဆန်းဒါးလန်းအသင်းကနေ ၂၀၁၁ ခုနှစ်မှာ ပေါင်သန်း ၂၀ ၀န်းကျင်နဲ့ ခေါ်ယူထားတာပါ။
လီဗာပူးရဲ့ လက်ရှိ အသင်းခေါင်းဆောင် စတီဗင် ဂျရတ် ရာသီအကုန်မှာ အသင်းကနေ ထွက်ရင် ဟန်ဒါဆန်က အသင်းခေါင်းဆောင် ရာထူးကို ရယူဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
ကွင်းလယ်သမား ဟန်ဒါဆန်ဟာ ကြိုးကြာနီ အသင်းအတွင်း ပွဲပေါင်း ၁၃၃ ပွဲမှာ ၁၇ ဂိုး သွင်းပေးထားပါတယ်။
သူဟာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက်တော့ ပွဲပေါင်း ၂၀ ကစားပေး ထားပါတယ်။