Home
မြန်မာသတင်း
အာရှ-အာဖရိက ထိပ်သီးညီလာခံ သမ္မတ ဦးသိန်းစိန် တက်ရောက်
DVB
·
April 21, 2015
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ နှစ် ၆၀ ပြည့် အာရှ-အာဖရိက ထိပ်သီးညီလာခံ တက်ရောက်ဖို့ သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက် ၁၀ နာရီလောက်က နေပြည်တော်ကနေ လေကြောင်းနဲ့ ထွက်ခွာသွားပါတယ်။ asiaAfrika_aacc2015Idမြန်မာသမ္မတနဲ့ အတူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ မကြာသေးခင်ကမှ အသစ်ခန့်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေနဲ့ အစိုးရအဆင့်မြင့် တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရုံးက စုံစမ်းသိရပါတယ်။ အာရှ-အာဖရိက ထိပ်သီးညီလာခံ (အေအေစီ) နဲ့ ဆက်စပ်အစည်းအဝေးတွေကို ဂျကာတာမြို့မှာ ဧပြီ ၁၉ ကနေ ၂၄ ရက်ထိ ကျင်းပနေတာဖြစ်ပြီး ညီလာခံ နှစ် ၆၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကိုတော့ ဘန်ဒေါင်းမြို့မှာ ဧပြီ ၂၄ ရက်နေ့ ကျင်းပဖို့ ရှိနေတာပါ။ ဒီညီလာခံကို မြန်မာသမ္မတ အပါအ၀င် နိုင်ငံပေါင်း ၁၀၀ ကျော်က ထိပ်သီးခေါင်းဆောင်တွေကို တက်ရောက်ဖို့ အင်ဒိုနီးရှားအစိုးရက ဖိတ်ကြားထားတာဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်း သာယာဝပြောရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ မြန်မာ၊ အင်ဒိုနီးရှား၊ သိရီလင်္ကာ၊ အိန္ဒိယနဲ့ ပါကစ္စတန် ၅ နိုင်ငံတို့က စတင်အဆိုပြု ဖော်ဆောင်ခဲ့တဲ့ အာရှ-အာဖရိက ထိပ်သီးညီလာခံ ( အေအေစီ) ကို ၁၉၅၅ ခုနှစ်ကတည်း က စတင် ၁၀ နှစ် တကြိမ်ကျင်းပတာပါ။ ပထမဆုံးကျင်းပတဲ့ ဘန်ဒေါင်းညီလာခံကို မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနု တက်ရောက်ခဲ့ပြီး အာရှနှင့် အာဖရိကနိုင်ငံတွေအကြား တနိုင်ငံနှင့် တနိုင်ငံ မကျူးကျော်ရေး၊ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်ရေး စတဲ့ ဘန်ဒေါင်းအခြေခံမူတွေ ချမှတ်နိုင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024