Home
မြန်မာသတင်း
ပန်းဆေးပြည်သူ့စစ်နှင့် တအာင်းတပ် ပစ်ခတ်မှုဖြစ်ပွား
နန်းမြနဒီ
·
April 20, 2015
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ ပန်းဆေးပြည်သူ့စစ်အဖွဲ့နဲ့ တီအန်အယ်လ်အေ တအာင်းပလောင်တပ်တို့ကြား ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ပန်းဆေးပြည်သူ့စစ်ဘက်က သေဆုံးဒဏ်ရာရမှုရှိခဲ့ပါတယ်။ နမ့်ခမ်း-နမ့်ဖတ်ကာသွား တောင်ပေါ်လမ်းအပိုင်း ၁၂ မိုင်ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းချမှုတွေရှိကြောင်း သတင်းရတဲ့အတွက် တီအန်အယ်လ်အေ တအာင်းတပ်ဘက်က သွားရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ တီအန်အယ်လ်အေ နိုင်ငံခြားရေးဌာနမှူး တာ့ပန်လက ဒီဗွီဘီကို ပြောပါတယ်။ “မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးတဲ့နေရာမှာ နာမည်ကြီးတဲ့ ၁၂ မိုင်ရွာက ပြည်သူ့စစ်စခန်း တစ်ခုကို ကျနော်တို့ ဘက်က သွားတိုက်တာဖြစ်ပါတယ်။ ဧပြီလ ၁၇ ရက် မွန်းလွဲ ၂ နာရီကျော်မှာပါ။ သူတို့ကလည်း ပြန်ပြီးခုခံတဲ့အတွက် တဘက်နဲ့တဘက် နာရီဝက်လောက် တိုက်ပွဲငယ်လေးဖြစ် သွားတယ်။ သူတို့က ခုခံရင်းနဲ့ ပစ်ပြီးထွက်ပြေးတယ်။ ၄ - ၅ ဦး ကျသွားတယ်လို့ သတင်းပို့ ထားပါတယ်။ ကျနော်တို့ဘက်ကတော့ ကျဆုံးသူမရှိပါဘူး။ သူတို့ဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်။” ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းမဲ (၁) ပိဿာ၊ ၊ စိတ်ကြွဆေးပြား ၁၄၂,၀၀၀ ဆပ်ပြာ ခွက်ထဲ ထည့်ထားတဲ့ ဘိန်းဖြူ ၁ ခွက် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၅၀ ကျော် နဲ့အတူ လက်ကိုင်စကားပြောစက် ၁ လုံး၊ သေနတ် ၂ လက် သိမ်းဆည်းရမိတယ်လို့ ပလောင်တပ်ဖွဲ့က ပြောပါတယ်။ အစိုးရပြန်ကြားရေးကတော့ တအာင်းတပ်ဖွဲ့က အင်အား ၁၅ ဦးလောက်ဟာ အရပ်ဝတ်နဲ့ မော်တော်ယာဉ် ၃ စီးနဲ့ ၁၂ မိုင် စခန်းအနီးသို့ ရောက်လာပြီး ကျေးရွာ မင်္ဂလာဆောင်အိမ်က သတို့သားနဲ့ ရွာသားတွေကို ခေါ်ဆောင်ကာ ပန်ဆေး ပြည်သူ့စစ်အဖွဲ့ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပန်ဆေး ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင် ၁ ဦး နဲ့ အရပ်သူ ၁ ဦး သေဆုံးပြီး အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သတင်းမှာရေးပါတယ်။ နမ့်ခမ်းမြို့နယ်က ဒေသခံတစ်ဦးကတော့ တအာင်းတပ်ဖွဲ့က ကား ၄ စီးနဲ့ ၁၂ မိုင်ရွာကို တက်သွားပြီး နေအိမ်တစ်လုံးကို ၀င်ပစ်တဲ့အတွက် အိမ်ရှင်အဖွားကြီး တစ်ဦးအပါ အ၀င် လူ ၅ ဦးသေဆုံးသွားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးကျော်မြင့် ဦးဆောင်တဲ့ ပန်းဆေးပြည်သူ့စစ်တွေဟာ နမ့်ဖတ်ကာ-နမ့်ခမ်း တောင်ပေါ် ကားလမ်းပိုင်းကို မနေ့ ညနေပိုင်းကစပြီး သွားလာခွင့်ပိတ်ပင်ထားခဲ့တယ်လို့ ပလောင်တပ်ဖွဲ့က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024