A d v e r t i s e m e n t With Us

တ​ရား​ဥ​ပ​ဒေ​ နှင့်​​ ​မြန်​မာ့​အ​ရေး

ရွေးကောက်ပွဲ ကျင်းပပြီးရင် စစ်အစိုးရနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားမှာလား

၂၀၁၀ ရွေးကောက်ပွဲဟာ တစတစ နီးကပ်လာပါပြီ။ ဒီအခါမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲစတာတွေနဲ့ ပတ်သက်ပြီး သတင်းဌာနတွေက နိုင်ငံရေး ခေါင်း ဆောင်​ တွေကို အင်တာဗျူးတွေလုပ်၊ မတူတဲ့ အမြင်တွေကို ဖော်ထုတ်တင်ပြတာဟာ ကောင်း တဲ့ အစီအစဉ်တွေပါ။ ဒါဟာ ဒီမိုကရေစီရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ ဒါမှလည်း လူထုအနေနဲ့  မတူတဲ့အမြင်တွေအပေါ် ဘက် ပေါင်းစုံကနေ စဉ်းစားနိုင်ပြီး မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့် ရှိမှာဖြစ်ပါတယ်။ ဩဂုတ်လ ၃၁ရက်နေ့​​ မှာ ဒီမိုကရက် တစ်မြန်မာ့အသံကနေ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်ဦးခင်မောင်ဆွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ရွေးကောက်ပွဲ ပြီးသွားရင် စစ်အစိုးရ ဆက်ရှိနေလိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်ဟာ နိုင်ငံရေးကို ဆန္ဒနဲ့ စဉ်းစားတာဖြစ်ပြီး ဥပဒေနဲ့  စဉ်းစားတာ မဟုတ်ဘူးလို့  ဦးခင်မောင်ဆွေက ဖြေကြားသွားပါ​ တယ်။

ဒါကိုကြားလိုက်ရတော့ နှစ်ပေါင်း ၃၅ နှစ် နီးပါး ဥပဒေကို အဆက်မပြတ် လေ့လာခဲ့တဲ့ ဥပဒေသမား တယောက်အနေနဲ့  အလွန်အမင်း အံ့ဩသွားပါတယ်။ ဒါကြောင့် ဦးခင်မောင်ဆွေရဲ့  ဖြေကြားချက်တွေကို   ဓမ္မဓိဋ္ဌာန် ကျကျ ပြန်လည်သုံးသပ်နိုင်အောင် ဥပဒေရှုထောင့်ကနေ  တုံ့ပြန်ရှင်းလင်းသွားပါမယ်။၂၀၁၀ ရွေးကောက်ပွဲက​ အသက်​​ သွင်းပေးမယ့်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထဲမှာ အာဏာသုံးရပ်ကို ခွဲခြားထားတယ် ဆိုတဲ့ ဦးခင်မောင်ဆွေရဲ့ သုံးသပ်ချက်ဟာ တက်တက်စင် လွဲပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ သော့ချက်ဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ အာဏာသုံးရပ်လုံးဟာ အမျိုးသား​ ကာကွယ်​ ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အောက်မှာ ရောက်နေပါတယ်။ သည်ကောင်စီဟာ စစ်ဗိုလ်တွေရဲ့ လက်ထဲက အဖွဲ့ဆိုတာကို မြင်အောင် နည်းနည်းရှင်းပြပါမယ်။ အမျိုးသား​ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အဖွဲ့ဝင် (၁၁) ဦး နဲ့ ပါဝင်ဖွဲ့စည်း တယ်။ (၁၁) ဦး အနက်  ခြောက်ဦးက တာဝန်ထမ်းနေဆဲ ဗိုလ်ချုပ်တွေ ဖြစ်ရမယ်လို့ ဖွဲ့စည်းပုံက ဆိုထားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်သား ဒုသမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး​ များ ဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့ဝင်ငါးဦးအနက်  အများစုကလည်း  ယူနီဖောင်းချွတ်ထားတဲ့ စစ်ဗိုလ်လူထွက်တွေ ဖြစ်လိမ့် မယ်ဆိုတာ မေးစရာ မလိုပါဘူး။ မြန်မာ့ဆိုရှယ်​ လစ် လမ်းစဉ်ပါတီခေတ်က ဒေါက်တာမောင်မောင်လို ခိုင်းလို့  ကောင်းတဲ့အရပ် သားတဦးစ နှစ်ဦးစတော့ အဲသည် ကောင်စီမှာ ပါကောင်းပါလာနိုင်ပါတယ်။ အထွေထွေ​ လွတ်​ငြိမ်းခွင့်တွေ အရေးပေါ်အခြေအနေ ကြေညာတာတွေ စတဲ့ ကြီးမားတဲ့ အခွင့်အာဏာတွေအားလုံးကို ဒီကောင်စီရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်ရမယ်လို့ ဖွဲ့စည်းပုံ​မှာ ဆိုထားပါတယ်။ အုပ်ချုပ်ရေးကဏ္ဍမှာ ပြည်ထောင်စု အစိုးရဆိုတာ အမည်ခံမျှသာရှိပြီး တိုင်းပြည်ကို တကယ်ကြိုးကိုင်သွားမှာက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံ​ ရေး​ ကောင်စီသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံရဲ့ ပုဒ်မ ၂၁၈ (က) မှာ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက် အားလုံးကို နိုင်ငံတော် သမ္မတ၏ အမည်ဖြင့်​ အရေးယူ​ ဆောင်​ရွက်ရမည်လို့ ပါရှိပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးဆိုင်ရာ အားလုံးကို အဓိကကိုင်မှာက နိုင်ငံတော် သမ္မတသာ ဖြစ်ပြီး အစိုးရအဖွဲ့  မဟုတ်ဘူးဆိုတာ ရှင်းလှပါ​ တယ်။ ဒီလောက် အာဏာပြင်းတဲ့  နိုင်ငံတော်သမ္မတက ဘယ်သူဖြစ်လာမလဲ။ ဘယ်လိုပုံစံနဲ့ ဖြစ်လာမလဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၀ (ခ) အရ သမ္မတ ရွေးချယ်​ရေးအဖွဲ့ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦး၊ စစ်တပ်ကိုယ်စားလှယ် ၁၆၆ ဦး နဲ့ ဖွဲ့မယ်လို့ ယေဘုယျ အားဖြင့် နားလည်နေကြပါတယ်။ ယနေ့အထိ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်ဦးရေအနေနဲ့  ကြံ့ဖွံ့နဲ့ တစည ပေါင်းရင် ၂၀၀၀ ကျော်ရှိနေပြီး ကျန်တဲ့ပါတီတွေ​ အားလုံးပေါင်း​ မှ ၇၀၀ ကျော်ရှိတဲ့အတွက် သမ္မတ ရွေးချယ်ရေးအဖွဲ့မှာ အခြားပါတီတွေက နေရာအများစု မရနိုင်ဘူး  ဆိုတာ ရှင်းနေပါတယ်။ အမျိုးသားလွှတ်တော်​ ကိုယ်စားလှယ်အစု​ အဖွဲ့နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ နှစ်ခုထဲကနေ ကြံ့ဖွံ့နဲ့ တစညတို့ က အစုအဖွဲ့ တခုခုမှာ ကိုယ်စားလှယ် အများစုရရုံနဲ့  လက်ရှိဗိုလ်ချုပ်ကြီးတဦးဦး၊ ဒါမှမဟုတ် အရပ်ဝတ်လဲ ဗိုလ်ချုပ်ကြီး တဦးဦးဟာ သမ္မတဖြစ်သွားတော့မယ်ဆိုတာ မြေကြီးလက် ခတ်မလွဲပါ။ ဘာကြောင့်လဲ ဆိုတော့ အစုအဖွဲ့ သုံးစုရှိတဲ့အနက် နောက်ထပ်တစုက စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့ ဖြစ်နေလို့ပါပဲ။ ပြည်ထောင်စု အစိုးရအဖွဲ့ကိုရော အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိုပါ တပြိုင်နက်​ တည်း အုပ်ချုပ်ရေးကဏ္ဍမှာ ဘာကြောင့် ထည့်သွင်းပြဋ္ဌာန်း​ ထားတာ​ပါလဲ။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ လျှို့ဝှက်ချက်ပါ။

လွှတ်တော်ထဲမှာ နိုင်ငံရေးပါတီတွေထဲက အမတ်နေရာအများစုရဖို့ မလွယ်အောင် လုပ်ထားသလို လွှတ်တော်ထဲမှာ အမတ်နေရာ အများစုရတဲ့ နိုင်ငံရေးပါတီက အစိုးရ ဖွဲ့ခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လည်း တခုမှ မပါပါဘူး။ ပုဒ်မ ၂၀၀ အရ ရွေးကောက်ပွဲ အနိုင်ရပါတီတွေက ပြည်ထောင်စုဝန်ကြီးတွေအဖြစ်နဲ့ အစိုးရအဖွဲ့မှာပါဝင်ဖို့ စေ​ လွှတ်​ခွင့် ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တောင် မရှိပါဘူး။ ဒါနဲ့ ပြောင်းပြန်ပဲ ပြဋ္ဌာန်းထားပါတယ်။ သမ္မတဟာ ပြည်ထောင်စုဝန်ကြီးတွေအဖြစ်နဲ့  လွှတ်တော်ကိုယ်စား​လှယ်​များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ ခန့်အပ် တာဝန်ပေး နိုင်တယ်လို့  ပုဒ်မ ၂၃၂ (ခ) မှာ ပြဋ္ဌာန်းထားပါတယ်။ ဒီနေရာမှာ တိကျ​တဲ့ ဥပဒေစကားလုံးအရ အထူးသတိပြုသင့်တာကတော့  မြန်မာဘာသာနဲ့  (ဖြစ်စေ၊ ဖြစ်စေ) ဆိုတဲ့ စကားလုံးကို သုံးထားတဲ့ အချက်ပါ။ သမ္မတကနေ ပြည်ထောင်စု အစိုးရ ဖွဲ့စည်းရာမှာ ပြည်ထောင်စု ၀န်ကြီးတွေအဖြစ်နဲ့  လွှတ်တော် ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းနိုင်တယ်။ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများနဲ့လည်း​ ဖွဲ့​ စည်း​ နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ် တယောက်မှ မပါဘဲ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းခွင့် ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေး ပါတီတွေထဲက  လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာကြဦးတော့ သမ္မတက သူတို့ကို ပြည်ထောင်စုအစိုးရ အဖွဲ့ထဲမှာထည့်ချင်မှ ထည့်ပါလိမ့်မယ်။ သူခိုင်း​တာ မ​လုပ် မယ့် လူမျိုးကို မထည့်ဖို့ သေချာလှပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာကြမယ့်လူချင်း တူဦးတော့ ကြံ့ဖွံ့ပါတီကတဆင့် အရွေးခံမယ့် စစ်ဗိုလ်​လူ​ထွက် ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်တင်အောင်မြင့်ဦး စသူတွေကို ပြည်ထောင်စုအစိုးရ အဖွဲ့ထဲမှာ ပထမအဆင့်ထည့်မယ်၊ နအဖက ခိုင်းလို့ပါလို့ ကြေညာပြီး​ ရွေးကောက်​ ပွဲ ၀င်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေတို့လို ပုဂ္ဂိုလ်မျိုးကို ဒုတိယအဆင့် ထည့်ပါလိမ့်မယ်။။ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဒီလို လုပ်ပိုင်ခွင့် ပေးထားပါတယ်။

ပုဒ်မ ၂၃၂ (ခ) (၃) အရ ဆိုရင် စစ်ဗိုလ် သမ္မတဟာ အရပ်သားလွှတ်တော် ကိုယ်စားလှယ်ကို တယောက်မှ မထည့်သွင်းဘဲ စစ်ဗိုလ်တွေ သက်သက်နဲ့ အစိုးရဖွဲ့ခွင့်ကို ပေး​ ထားပါတယ်။ ဒါကြောင့် သည် ၂၀၀၈ ဖွဲ့စည်းပုံ  အခြေခံဥပဒေ အောက်မှာ စစ်အစိုးရ နဲ့ စစ်အာဏာရှင်စနစ် ဆက်ရှိနေလိမ့်မယ် ဆိုတာဟာ သွေးထွက်အောင် မှန်လှတဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရထက်ပိုပြီး အရေးကြီးတာက အမျိုးသားကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီ ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ စစ်ကောင်စီပါ။ ဒီလို စစ်ကောင်စီမျိုး​ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့အတူ ယှဉ်ပြိုင်ပြီး ထည့်သွင်းပြဋ္ဌာန်းထားရာကနေ ရွေးကောက်ပွဲတွေ တခုပြီးတခု လုပ်ရင်း အာဏာရှင်​ စနစ်က ဒီမိုကရေစီကို ကူးပြောင်းသွားတဲ့နိုင်ငံမျိုး ကမ္ဘာမှာ တနိုင်ငံမှမရှိပါဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့အတူ ယှဉ်ပြိုင်ပြီး ထည့် သွင်း ပြဋ္ဌာန်းထားပေမယ့် သည်စစ်​ကောင်စီဟာ ပြည်ထောင်စုအစိုးရရဲ့ အထက်မှာ ရှိပါတယ်။ ပြည်ထောင်စု အစိုးရထဲမှာ အဓိကကျတဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဆိုတဲ့ ၀န်ကြီးဌာနတွေမထားဘဲ စစ်ကောင်စီမှာ ပို့ထားတာကို ကြည့်ပါ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တွေဟာ​ ပြည်ထောင်​ စု ​ အစိုးရလက်အောက်မှာ မရှိဘဲ စစ်ကောင်စီမှာ ပါနေပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဆိုတဲ့ ပုဂ္ဂိုလ်တွေကို အုပ်ချုပ်ရေး ကဏ္ဍမှာရှိတဲ့  စစ်ကောင်စီမှာ ထည့်သွင်းဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံမျိုး  ဦးခင်မောင်ဆွေ ဘယ်တိုင်းပြည်မှာ တွေ့ဖူးပါသလဲ။ ဥပဒေပြုမယ့် လွှတ်တော်တွေထဲမှာ စစ်ဗိုလ်တွေ လေးပုံတ​ ပုံစီ လွှတ်ထားရုံသာမက လွှတ်တော်တွေရဲ့  ဥက္ကဋ္ဌတွေကိုပါ စစ်ကောင်စီထဲမှာ ပါရှိစေပါတယ်။ ဒါက စစ် ကောင် စီ ဟာ ဥပဒေပြု လွှတ်တော်ရဲ့ အထက်မှာ ရှိတယ်ဆိုတဲ့ အချက်ကို ဖော်ပြနေတာပါ။ ဒါတွေကြောင့် ဥပဒေပြုလွှတ်တော်ဟာ သူ့ဟာနဲ့ သူ သီးခြားစီ ရှိနေပါတယ် ဆိုတဲ့ ဦးခင်မောင်ဆွေရဲ့ ရှင်းလင်းချက်ကို ဘယ်လိုလုပ်ပြီး လက်​ ခံလို့ ရနိုင်ပါ့မလဲ။

တရားစီရင်ရေး ကဏ္ဍမှာရော လွတ်လပ်စွာ သီးခြားစီ ရှိပါရဲ့လား။ တရားသူကြီးချုပ် ဦးအောင်တိုးကို မေးကြည့်ပါ။ ၁၉၉၅ ခုနှစ်တုန်းက တရုတ်ပြည်ဘီဂျင်းမြို့ မှာကျင်းပ​ ခဲ့တဲ့ အာရှနိုင်ငံတွေက တရားသူကြီးချုပ်တွေရဲ့  အစည်းအဝေးကို သူကိုယ်တိုင် တက်ရောက်ပြီး တရားစီရင်ရေးလွတ်လပ်မှုဆိုင်ရာ မူများကို သဘောတူညီချက်အဖြစ် လက်မှတ်ရေးထိုးခဲ့သူပါ။ အဲဒီမှာ အဓိကကျတဲ့ အချက်ကတော့ တရားစီရင်ရေး လွတ်လပ်ဖို့ တရားသူကြီးတွေကို ဘယ်သူက ခန့်ထားမလဲ ဆိုတဲ့ အချက်ပါ။ တရားသူ​ ကြီးချုပ်ဟောင်းတွေ၊ လွတ်လပ်တဲ့ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ ပါဝင်ဖွဲ့စည်းရမယ့် Judicial Service Commission လို့ ခေါ်တဲ့ တရားစီရင်ရေး ၀န်ဆောင်မှု ကော်မ​ ရှင်က ခန့်အပ်ရမှာပါ။ ဦးအောင်တိုးဟာ ဗိုလ်သန်းရွှေကို ကြောက်လွန်းလှလို့ သူကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ အဲသည် တရားစီရင်ရေးပိုင်းဆိုင်ရာ မူကို ချိုးဖောက်ခဲ့ပါတယ်။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ တရားသူကြီးတွေကို သမ္မတ စိတ်ကြိုက် ခန့်ခွင့်၊ ဖြုတ်ခွင့်ပေးတဲ့ ပြဋ္ဌာန်းချက်ကို ရေးခဲ့သူပါ။ ဒါကြောင့်​ ဖွဲ့စည်းပုံ​အခြေ​ ခံ​ဥပဒေ​ အရ အုပ်ချုပ်ရေးအာဏာကိုကိုင်တဲ့ စစ်ဗိုလ် သမ္မတက အိပ်ယာကနေ တရေးနိုးထပြီး တရားသူကြီးချုပ်ကို ကြိုက်သလို ခန့်ခွင့် ဖြုတ်ခွင့် ရှိနေပါတယ်။ ဒီတော့ ဒီ ဖွဲ့စည်းပုံအောက်မှာ တရားစီရင်ရေးဟာ လွတ်လပ်စွာ သီးခြားရှိနေ ပါလိမ့်မယ်လို့  ဦးခင်မောင်ဆွေအနေနဲ့ ဘာကြောင့် ပြောလိုက်တာပါလဲ။

မဲပေးတာ ပျက်သွားပေမယ့်လည်း စစ်အစိုးရ ဆက်ရှိနေမှာပဲဆိုတာ မစဉ်းစားမိကြဘူးလားလို့ ဦးခင်မောင်ဆွေက ပြန်ပြီး မေးခွန်းထုတ်သွားပါသေးတယ်။ စစ်အစိုးရ ​ ရှိ တာခြင်းအတူတူ  ၂၀၁၀ ရွေးကောက်ပွဲကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အကောင်အထည် ဖော်သွားနိုင်ရင်စစ်အာဏာရှင်စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ​ အညီ နည်းလမ်းတကျ တရားဝင်တည်ရှိသွားမယ်။ အင်္ဂလိပ်ဘာသာနဲ့  Institutionalizedဖြစ်သွားမယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို သမိုင်း အမှိုက်ခြင်းထဲ​ လွှင့်​ ပစ်ခဲ့​ တာဟာ ပြည်သူလူထု ဖြစ်ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံထက်အဆတရာလောက် ဆိုးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လူထုက သည်လို ဆုတ်ဖြဲပစ်ကြဦးမှာပါ။လွှတ်တော် ထဲမှာ နေရာလေး မဆိုစလောက်ရတဲ့ အတိုက်အခံဘ၀မှာ စစ်အာဏာရှင်တွေရဲ့ ရုပ်သေးရုပ်တွေအဖြစ်နဲ့  အသုံးချခံကြတော့မှာလား။ စစ်အာဏာရှင်စနစ်​ကို သက်ဆိုး ရှည်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံလည်ပတ်ရေး ယန္တရားကို ဆီဖြည့်ပေးကြတော့မှာလား။ ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ လူထုက အုံကြွဖန်တီးဦးမယ့် နိုင်ငံရေး  မုန်တိုင်းထဲမှာ ပါမသွားနိုင်ရေးအတွက် ဦးခင်မောင်ဆွေနဲ့ အလားတူ ပုဂ္ဂိုလ်များ ပြန်လည်စဉ်းစားသုံးသပ်ပြီး အခုအချိန်ကတည်းက ရပ်တည်ချက် ပြောင်းသင့်တဲ့      အကြောင်း တင်ပြလိုက်ပါတယ်။

 

A d v e r t i s e m e n t With Us

More News
Up