လူကုန်ကူးမှုပြဿနာကို ၀ိုင်းဝန်းကူညီဖြေရှင်းရန် အီတလီဝန်ကြီးချုပ် နိုင်ငံတကာကို ပန်ကြား

မြေထဲပင်လယ်ထဲမှာ ရွှေ့ပြောင်းဒုက္ခသည်လှေ နစ်မြှုပ်ပြီး လူ ၇၀၀ ကျော် သေဆုံးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်အပြီး လူကုန်ကူးမှုပြဿနာကို ၀ိုင်းဝန်းကူညီဖြေရှင်းဖို့ အီတလီဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က နိုင်ငံတကာကို ပန်ကြားလိုက်ပါတယ်။ ဒီလူကုန်ကူးမှုဟာ ဥရောပတိုက်ကို ပလိပ်ရောဂါလို ကူးစက်နေပြီလို့ ဥရောပထိပ်သီးညီလာခံမှာ ၀န်ကြီးချုပ် မတ်တီယို ရင်းဇီက ပြောဆိုခဲ့ပြီး ဥရောပနိုင်ငံတွေရဲ့ ၀ိုင်းဝန်းကူညီမှု လိုအပ်တယ်လို့ ပြောဆိုပါတယ်။ ပေ ၇၀၀ အရှည်ရှိတဲ့ ဒုက္ခသည်လှေဟာ လစ်ဗျားကမ်းလွန် ၁၇ မိုင်မှာ ဧပြီ ၁၉ ရက်နေ့က နစ်မြှုပ်ခဲ့ပြီး ညမိုးချုပ်တဲ့အချိန်အထိ ၂၈ ဦးကိုပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ရုပ်အလောင်း ၂၄ လောင်းကိုပဲ ဆယ်ယူရရှိထားတယ်လို့ ၀န်ကြီးချုပ်က အတည်ပြုပါတယ်။ ကိုယ်တွေ့ဒုက္ခသည်တဦးကတော့ အဲဒီလှေမှာ ခရီးသည် ၉၀၀ ကျော် လိုက်ပါလာခဲ့တယ်လို့ ပြောဆိုပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ ဒီလူကုန်ကူးမှုရဲ့ အဓိကပြဿနာအရင်းခံဟာ လစ်ဗျားနိုင်ငံ ဖြစ်ပြီး အီတလီနိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည် ၉၀ ရာခိုင်နှုန်းဟာ လစ်ဗျားနိုင်ငံက ထွက်ခွာလာတာလို့ ပြောဆိုပါတယ်။ အခုလို ၀မ်းနည်းစရာဖြစ်ရပ်တွေနဲ့ ကြုံနေတဲ့အချိန်မှာတောင် ဥရောပသမဂ္ဂဟာ စိတ်လိုလက်ရ မရှိဘူးလို့ ၀န်ကြီးချုပ်က ပြောဆိုပါတယ်။ ဥရောပသမဂ္ဂဟာ ပြီးခဲ့တဲ့နှစ်က ပိုမိုကြီးမားပြီး အကုန်အကျများတဲ့ မာနော်ထရွန်း ဒုက္ခသည်ကယ်ဆယ်ရေးအစီအစဉ်ကို ရပ်ဆိုင်းပြီး သေးငယ်ပြီး ကယ်ဆယ်ရေး အစီအစဉ်မပါတဲ့ နယ်ခြားစောင့် ထရီတွန်အစီအစဉ်ကို ပြောင်းလဲလိုက်ကတည်းက အကြီးအကျယ် ပြစ်တင်ဝေဖန်ခံနေရတာပါ။ ဒီလူကုန်ကူးမှုတွေဟာ ၂၁ ရာစုရဲ့ ကျွန်ကုန်ကူးမှုဖြစ်တယ်လို့ ၀န်ကြီးချုပ် ရန်ဇီက နှိုင်းယှဉ် ပြောဆိုပါတယ်။ အခု နောက်ဆုံး လူ ၇၀၀ သာ တကယ်ရေနစ်သေဆုံးခဲ့တယ်ဆိုရင် မြေထဲပင်လယ်ထဲ တကြိမ်ထဲနဲ့ လူသေဆုံးမှု အများဆုံးဖြစ်လာမှာ ဖြစ်ပြီး အခုနှစ် ပထမ ၄ လအတွင်း လူသေဆုံးသူ ၁၅၀၀ ကျော်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တပတ်အတွင်းမှာ လှေစီးဒုက္ခသည် ၁၃၅၀၀ အီတလီ ရေပိုင်နက်ကို ရောက်ရှိလာကြတယ်လို့ UNHCR က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒုက္ခသည် ၁၇၀၀၀၀ အီတလီနိုင်ငံကို ဆိုက်ရောက်လာကြပြီး ထောင်ချီပြီး မြေထဲပင်လယ်ထဲ ရေနစ်သေဆုံးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up