Home
မြန်မာသတင်း
လေဖြတ်သူများကို အကူအညီပေးမည့် စက်ရုပ်လက်အိတ်
DVB
·
April 19, 2015
လွန်ခဲ့တဲ့ ၂နှစ်က ရှန်နီရှာမားဟာ လေဖြတ်ဝေဒနာကို ၂ ကြိမ်တိုင်တိုင်ခံစားခဲ့ရပြီးအသက်ရှင်မယ်လို့ မျှော်လင့် မထားဘူး။ ဒါပေမယ့် အပြင်းအထန်ကြိုးစားကုသမှုကြောင့် လူကောင်းပကတိလို ဖြစ်နေပါပြီ။ "စကားပြောလို့မရတော့ဘူး။ ခန္ဓာကိုယ်ဘယ်ဘက်တခြမ်းလုံးက လက်တွေ ခြေတွေ လှုပ်ရှားလို့မရတော့ဘူး။ နာလန်ထ အထူးကုသဆောင်မှာ ကာယလေ့ကျင့်ခန်းတွေ အပြင်းအထန်လေ့ကျင့်ပြီး လမ်းပြန်လျှောက်နိုင်အောင် ခြေလက်တွေ လှုပ်ရှားနိုင်အောင် သင်ယူခဲ့ရတယ်" လို့ ရှန်နီရှာမားက ပြောပါတယ်။ အခုဆိုရင် သူက SCRIPT ဆိုတဲ့ စက်ရုပ်လက်အိတ်နဲ့ လေ့ကျင့်နေပါပြီ။ ဒီလက်အိတ်ကို ဟတ်ဖို့ ရှိုင်းယား တက္ကသိုလ်က ဒေါက်တာ ဖာရှစ် အမီရာအဘ်ဒေါ်လာဟီအန် ဦးဆောင်တဲ့ သုတေသနသမားတွေက ဖန်တီး ခဲ့တာပါ။ဒီလက်အိတ်ဟာ လေဖြတ်လို့ဖြစ်တဲ့လက်နဲ့လက်ကောက်ဝတ်ထိခိုက်မှုတွေကို ကျော်လွှားနိုင်တယ်လို့ တွဲဖက်ပါမောက္ခက ဆိုပါတယ်။ "လက်နဲ့လက်ကောက်ဝတ်က အနေအထားမမှန်တော့ပါဘူး။ လက်က ဆုပ်လျက်အနေအထားပါ။ လက်ကောက်ဝတ် ကတော့ အကွေးအဆန့်လုပ်နိုင်သေးတယ်။ ကျနော်တို့က ဒီလက်ချောင်းတွေကို ဆွဲဖွင့်ပြီးလက်ကောက်ဝတ်ကို ဆန့်ထုတ်ချင်တာ။ ဒါမှ လူနာတွေရဲ့လက်နဲ့လက်ကောက်ဝတ်က ပုံမှန်အနေ အထားကိုပြန်ရပြီး ဒီကုထုံး အတိုင်း လေ့ကျင့်နိုင်မှာ။ ကျနော်တို့ ဒီဇိုင်းဆင်ထားတဲ့ ဒီလက်အိတ်က ချိန်ညှိနိုင်တဲ့ အားတွေပံ့ပိုးပေးနိုင်ပါတယ်။ ဒါကြောင့် လက်ချောင်းတွေ ဆုပ်ရာက ပွင့်လာပြီး လက်ကောက်ဝတ်ကလည်း ဆန့်လာပါတယ်။" လို့သူက ရှင်းပြပါတယ်။ ကုထုံးပညာရှင်တွေအဖို့ လူနာရဲ့တိုးတက်မှုကို စောင့်ကြည့်နိုင်ဖို့ လက်အိတ်မှာ ဆင်ဆာတွေပါပါတယ်။ ဒီနည်းပညာက လူနာတွေ ဆေးရုံကဆင်းသွားတဲ့အချိန်မှာတောင် ကိုယ်တိုင်ကုသနိုင်အောင် အကူအညီပေးနိုင်တယ်လို့ စနစ်ကို ပိုပြီး သဟဇာတဖြစ်အောင် လုပ်နေတဲ့ နိုင်လာရာမန်က ဆိုပါတယ်။ "လူနာအဖို့ ကိုယ့်အားလပ်ချိန်တွေမှာ လေ့ကျင်နိုင်မှာပါ။ ဒီစက်နဲ့ မနက်စောစောမှာ ဒါမှမဟုတ် အလုပ် ကပြန်ချိန် ညနေခင်းမှာ လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ဆရာဝန်ကို အားကိုးနေစရာ မလိုပါဘူး။"လို့ သူက ပြောပါတယ်။ ဖမ်းယူပေးထားတဲ့အချက်အလက်တွေနဲ့အထူးဗီဒီယိုဂိမ်းတွေသုံးပြီးကိုယ်ကြိုက်တဲ့ကုထုံးကို ရွေးချယ် လေ့ကျင့် နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရှန်နီရှာမားကရော ဒီလက်အိတ်နဲ့ ပတ်သက်လို့ ဘာတွေတွေးထားမလဲ။ "နားလန်ထကုသဆောင်မှာတုန်းက ဒီလက်အိတ်ကို ကောင်းကောင်းအသုံးမချမိတာ နောင်တရတယ်။ စားပွဲတလုံးမှာ ထိုင်ပြီး သေတ္တာထဲကဘောလုံးကိုဆွဲထုတ် တစ်ဘက်ကိုပစ်ချပေးပြီး ကုထုံးပညာရှင်နဲ့ အတူကစားရ တယ်။ ဘောလုံးကိုနောက်ပစ်ပေးလိုက် ရှေ့ပစ်ပေးလိုက်နဲ့။ ဒီလက်အိတ်က တကယ်ကို ကောင်းပါတယ်။" လို့ သူက ပြောပါတယ်။ ဥရောပကော်မရှင်က ရန်ပုံငွေတစိတ်တပိုင်းမတည်ထားပေမယ့် ရှေ့ပြေးပုံစံကိုအချောသတ်ဖို့ ရင်းနှီးမြှပ်နှံ မှုတွေ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် ၂ နှစ်အတွင်းမှာ ထုတ်လုပ်ဖို့ အသင့်ဖြစ်တော့မှာ ဖြစ်ပါတယ်။ လက်အိတ်တစ်စုံကို ဒေါ်လာတစ်သောင်းအောက် ကျသင့်မှာဖြစ်ပြီး ဆိုးဝါးတဲ့လေဖြတ်ဝေဒနာသည်တွေကို ကုပေးနေတဲ့ကုထုံးတွေကို တော်လှန် ပြောင်းလဲပစ်နိုင်မယ်လို့ အမီရာအဘ်ဒေါ်လာဟီအန်က ဆိုပါတယ်။ [gallery ids="89950,89951,89952,89953"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024