ပြင်သစ်နိုင်ငံသားကို ကွပ်မျက်ရင် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မည်ဟု အင်ဒိုနီးရှားကိုပြော

ဆာဂီ အတ်လ၀ီ (ဓာတ်ပုံ - အေအက်ဖ်ပီ)
အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ချခံထားရတဲ့ ပြင်သစ်နိုင်ငံသားကို ကွပ်မျက်ရင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မယ်လို့ ပြင်သစ်သံအမတ်က ဧပြီ ၁၇ ရက်နေ့က ပြောဆိုပါတယ်။ လက်ရှိအချိန်အထိတော့ ပြင်သစ်နိုင်ငံသား ဆာဂီ အတ်လ၀ီ (Serge Atlaoui) ကို မကွပ်မျက်ရသေးလို့ ပြင်သစ်အစိုးရက အရေးယူဆောင်ရွက်တာ မရှိသေးပေမယ့် ကွပ်မျက်လိုက်ရင်တော့ အကျိုးဆက်တခုခုတော့ ရှိလာမယ်လို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် ကော်နီ ဘူဇီ Corinne Breuze က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ အသက် ၅၁ ရှိ အတ်လ၀ီ ဟာ ၂၀၀၇ ခုနှစ်က စိတ်ကြွဆေးစက်ရုံတရုံမှာ ဖမ်းဆီးခံရပြီး သူကတော့ အပြစ်မရှိဘူးလို့ ပြောဆိုပါတယ်။ ဇန်န၀ါရီလက သမ္မတ ၀ီဒိုဒိုကို ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ တောင်းခံခဲ့ပေမယ့် ပယ်ချခံရပါတယ်။ ဧပြီလ ၁ ရက်နေ့က အမှုကို ပြန်လည်သုံးသပ်ပေးဖို့ ဗဟိုတရားရုံးကို လျှောက်ထားပြီး ဆုံးဖြတ်ချက်တော့ မကျသေးပါဘူး။ တရားရုံးက အမှုကို အလွတ်လပ်ဆုံးနဲ့ အမျှတဆုံး ဆုံးဖြတ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြင်သစ်သံအမတ်က ပြောဆိုပါတယ်။ အတ်လ၀ီဟာ နောက်ကွပ်မျက်မယ့် ၁၀ ဦးအသုတ်မှာ ပါဝင်ပြီး သြစတြေးလျ၊ ဘရာဇီး၊ ဖိလစ်ပိုင်၊ ဂါနာ၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှားနိုင်ငံသားတွေ ပါဝင်ပါတယ်။ လက်ရှိအချိန်အထိတော့ နိုင်ငံတွင်း မူးယစ်ဆေးဝါးမှုနဲ့ သေဆုံးမှုတွေမြင့်တက်နေပြီး မူးယစ်မှုနဲ့ ပတ်သက်ရင် သက်ညှာမှုမပေးဘူးလို့ အင်ဒိုနီးရှားသမ္မတ ၀ီဒိုဒိုက ပြောဆိုထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ကွပ်မျက်မှုတွေကို ၅ နှစ်ကြာရပ်ဆိုင်းထားပြီး ၂၀၁၃ မှာ ပြန်လည်ကျင့်သုံးလာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up